လူဦးရေနှင့် မဲစာရင်းမှန်ကန်စေဖို့ ပြည်သူအားလုံး ဝိုင်းဝန်း ကူညီကြပါစို့
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံကာ ခန့်မှန်း တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ ၃၅ ဒသမ ၃ သန်းရှိသော လူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၄ သန်းရှိလာခဲ့သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ၅၅ ဒသမ ၃ သန်း ဖြစ်လာသည်။
၁၉၈၃ ခုနှစ် ခန့်မှန်းလူဦးရေ စာရင်းနှင့် ၂၀၂၂ ခုနှစ် ခန့်မှန်းလူဦးရေ စာရင်းကို နှိုင်းယှဉ်ပါက လွန်ခဲ့သည့် ၃၉ နှစ်အတွင်း လူဦးရေဆိုင်ရာ အပြောင်းအလဲများကို တွေ့ရမည်ဖြစ်သည်။ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွား အခြေအနေများကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများကို မျှော်မှန်း၍ ဆန်းစစ်လေ့လာ သုံးသပ်နိုင်သဖြင့် နိုင်ငံတော်နှင့် စာရင်းအင်း အချက်အလက် အသုံးပြုသူများအတွက် များစွာအကျိုးရှိစေသည်။ နိုင်ငံတစ်နိုင်ငံတွင် ရှိသည့် လူဦးရေ အရွယ်အစားနှင့် လူဦးရေ အချိုးအစားသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် အကျိုးသက်ရောက်လျက်ရှိရာ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် လူဦးရေမူဝါဒများ၊ လူမှုစီးပွားဆိုင်ရာ စီမံကိန်းများကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံသည် အလုပ်လုပ်နိုင်သူဦးရေထက် မှီခိုသူ ဦးရေများပြားနေခြင်း၊ ဆင်းရဲမှုကို နက်ရှိုင်းစွာခံစားနေရခြင်း စသည့် အကြောင်းတရားများ ဖြစ်ပေါ်နေပါက လူဦးရေတိုးပွားမှုသည် အဆိုးသံသရာမှ လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့သည့် အခြေအနေမျိုးထိ ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက ထောက်ပြလေ့ရှိသည်။ လူဦးရေဆုလာဘ်ကို အကောင်းဆုံး အသုံးပြုနိုင်ရေးမှာ ယင်းနိုင်ငံ၏ စွမ်းဆောင်ရည်၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကုန်ထုတ် အရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် စုဆောင်းခြင်းတို့အပေါ် များစွာမူတည်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၆၀ ၊ ၂၀၅၀ ပြည့်နှစ်တွင် ၆၅ သန်းအထိရှိလာမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံအတွက် လူဦးရေ ဆုလာဘ်သည် ၂၀၆၀ ပြည့်နှစ် ဝန်းကျင်အထိသာ ရရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသဖြင့် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားအင်အား ရှားပါးသည့်ပြဿနာကို ရင်ဆိုင်ကြရမည့် အခြေအနေရှိလာနိုင်သည်။
မြန်မာနိုင်ငံတွင် ပါတီစုံစနစ်ဖြင့် ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း အကောင်အထည်ဖော် လာခဲ့ရာ၌ အထွေထွေရွေးကောက်ပွဲများကို သုံးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ယခင်ပြုလုပ်ခဲ့ပြီးသည့် ရွေးကောက်ပွဲ စနစ်သည် အများစု ကိုယ်စားပြုစနစ်ဖြစ်သည်။ အများစု ကိုယ်စားပြုစနစ်ဆိုသည်မှာ မဲအများဆုံးရရှိသူ အနိုင်ယူသည့် စနစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးကာလမှ စ၍ ၂၀၂၀ ပြည့်နှစ်ကာလအထိ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲစနစ်များသည် မဲအများဆုံးရရှိသူ အနိုင်ရသည့် စနစ်ဖြစ်သည်။ မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကိုသာ ရွေးကောက် တင်မြှောက်သည့်စနစ် ဖြစ်သည်။
အနာဂတ်ကာလတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲစနစ်မှာ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System - PR)စနစ်ဖြစ်သည်။ PR စနစ်ကို ကျင့်သုံးခြင်းဖြင့် ပါတီများ ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနှင့် လူနည်းစုများ ပိုမိုရွေးကောက်ခံရနိုင်ခြင်းတို့ကြောင့် အများစုပါဝင်သည့် အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာနိုင်သည့်အပြင် ဥပဒေပြုရေး အဖွဲ့များတွင်လည်း ပါတီများမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်ခွင့် ရလာမည်ဖြစ်သည်။ အများစုကို အလေးထားသလို အနည်းစုကိုလည်း တန်ဖိုးထားသော စနစ်ဖြစ်၍ ဒီမိုကရေစီ စံနှုန်းများနှင့်လည်း ကိုက်ညီသည်။ မတူကွဲပြားသူများ အားလုံးပါဝင်လာနိုင်သဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံအတွင်း တိုးတက်လာသည့် လူဦးရေနှင့် လိုက်လျောညီထွေရှိမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် အစီအစဉ်များ၊ စားနပ်ရိက္ခာ ဖူလုံစေမည့် လုပ်ငန်းစဉ်များ၊ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒများ၊ အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေပေါက်ကွဲမှု အကျိုးဆက်ကို ခုခံနိုင်သည့် အစီအမံများ ထားရှိရေးတို့သည် အရေးကြီးသည့် အချက်များဖြစ်သည်။ မဲစာရင်းများ မှန်ကန်မှုရှိရေး လူဦးရေစာရင်း အချက်အလက်များ နေပြည်တော်ရှိ Server အတွင်းသို့ ဖြည့်သွင်းပြီးဖြစ်သဖြင့် တိုက်ဆိုင်စစ်ဆေးရန် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူခြင်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၏ ပြောကြားချက်အရ သိရသည်။ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်အစိုးရ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းပေးနိုင်ရေး အတွက် လူဦးရေစာရင်း မှန်ကန်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ လူဦးရေစာရင်း မှန်ကန်မှသာ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက် အရ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ မိမိတို့ဝန်ကြီးဌာနသည်လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီဆောင်ရွက်မှုကိုရယူကာ လဝကမြို့နယ် ဦးစီးမှူးရုံးများတွင်ရှိသည့် နိုင်ငံသား ကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများကို ပထမအဆင့်အနေဖြင့် လည်းကောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ-၆၆/၆) ပါအချက်အလက်များကို ဒုတိယအဆင့်အနေဖြင့် လည်းကောင်း နည်းပညာ အသုံးပြု၍ နေပြည်တော် ရုံးချုပ်ရှိ Server အတွင်းသို့ ဖြည့်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းစာရင်းအချက်အလက်များ အပေါ်မူတည်၍ တတိယအဆင့် အနေဖြင့် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပထမအချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ပဉ္စမအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပကာ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။
တပ်မတော်သည် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သော အားနည်းချက်များကို သင်ခန်းစာယူ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံ့တာဝန်ယူခဲ့သောအခါ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် ဒီမိုကရေစီ စနစ်နှင့် ဆီလျော်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားညီလာခံတွင် ဆွေးနွေးအတည်ပြုပြီး ပြည်လုံးကျွတ်ဆန္ဒ ခံယူ၍ ပြည်သူများ၏ ထောက်ခံအတည်ပြုမှုဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အတည်ပြုပြဋ္ဌာန်းထားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီ အစိုးရပထမ သက်တမ်းတွင် နိုင်ငံတော်ကို တပ်မတော်နှင့်အတူ လက်တွဲ၍ တည်ဆောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် နိုင်ငံရေး ဦးတည်ချက် ပထမအချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ချမှတ်ထားပြီး ယင်းအချက်သည် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့၏ လိုလားသည့်ဆန္ဒဖြစ်သည်။ လာမည့်ကာလတွင် မြန်မာနိုင်ငံ၌ PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲစနစ်များ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာကာ ပိုမိုကောင်းမွန်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အောင်မြင်အောင်ဆောင်ရွက်ကာ အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
မေယု- မျိုးအောင် (MANA)