၀န်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပ
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်၍နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
ဖူဆယ်(အမျိုးသား) ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၁၅ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသင်းကို ၁၀ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို ၆ ဂိုး ၄ ဂိုးဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အသင်းကို ၄ ဂိုး၊ ၁ ဂိုးဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။
အဆိုပါ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်စိုးမိုး၊ ညွန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြောင်းသိရသည်။