ဒေသဖွံ့ဖြိုးတိုးတက်သာယာလှပရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံ ကျေးရွာ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခေတ်အဆက်ဆက်မင်းအဆက်ဆက်တွင်လည်း အထက်တွင်ကောင်းမှုလုံ၊ အောက်တွင်ရွှေတိဂုံ၊ အလယ်တွင်ရွှေစည်းခုံ ဟူ၍ကျော်စောထင်ရှားသပ္ပာယ်စွာဖြင့် တည်ရှိလျက်ရှိသည်။ ကောင်းမှုလုံစေတီ တော်မြတ်ကြီးသည် အလွန်ရှေးကျသောစေတီတော်ကြီးဖြစ်ပြီး တိုင်းခမ်းတီးရှမ်းတိုင်းရင်းသားဘာသာ စကားဖြင့် ကောင်းမူးစဝ်ကန်ခမ်း ရွှေဆက်မင်းစေတီတော်ဟူ၍လည်းကောင်း၊ ခမ်းတီးလုံဒေသရှိစေတီ အားလုံးထက်ပုံတော်၏ အရွယ်အစားကြီးခြင်း၊ ဉာဏ်တော်မြင့်မားခြင်း၊ တန်ခိုးအာနုဘော်ပိုမိုကြီးမား မြင့်မြတ်ခြင်းတို့ကြောင့် (စင်ကောင်းမှုလုံ) ကြီးမြတ်သောစေတီတော်ဟူ၍ လည်းကောင်း ရည်စူးပူဇော် ခေါ်ဝေါ်ခဲ့ကြကြောင်း စေတီတော်ဘက်စုံပြုပြင်မွမ်းမံခြင်း မှတ်တမ်းများအရသိရှိရသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်းကို အထက်တွင်ကောင်းမှုလုံစေတီတော်ကြီးကသက်သေ ပြုလျက်ရှိသည်။ မည်မျှပင်လမ်းပန်းဆက်သွယ်ရေးအရ ဝေးလံခေါင်းပါးနေပါစေ ဗုဒ္ဓဘာသာဝင်တို့သည် အခက်အခဲများကိုကျော်လွှားကာ ဘုရားပုထိုးစေတီများ တည်ထားခဲ့ကြသည်။ ဤသည်မှာ နှောင်းလူများ အတွက်အမွေကောင်းကို ချန်ထားခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမှာလည်း မြန်မာနိုင်ငံတစ်နံတစ်လျားတွင် လွန်စွာပေါများ လှသည်။ မြန်မာ့သမိုင်းကို မှတ်တမ်းတင်သူတိုင်းက မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာထွန်းကားခြင်းနှင့်အတူ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသောနိုင်ငံဖြစ်ကြောင်း ရေးသားကြသည်။ မချမ်းဘော့ရှိ ကျောက်နဂါးကြီးသည်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိဖြစ်ပေါ်နေကာ ခရီးသွားဧည့်သည်များ အတွက်စိတ်ဝင်စားဖွယ်တစ်ခု ဖြစ်သည်။
ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည့် ပြတိုက်တစ်ခုဖြစ်သည်။ ကျောက်လက်နက်ကိရိယာပြကွက်၊ ကျောက်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်း များပြကွက်၊ သစ်သားထည်အိုးခွက်ပန်းကန်အသုံးအဆောင်များ ပြကွက်၊ သစ်သားနှင့်ကြိမ်နှီးရက် ဦးဆောင်းများပြကွက်၊ ရိုးရာတူရိယာပြကွက်၊ ဝါးနှီးရက်အသုံးအဆောင် ပစ္စည်းများပြကွက်၊ ကြိမ်နှီးဖြင့်ရက်လုပ်သောအသုံးအဆောင်ပစ္စည်းများပြကွက်၊ ဓား၊ လှံ၊ ပုဆိန်၊ လေးမြားလက်နက်များပြကွက်၊ ဝါးအသုံးအဆောင်ပစ္စည်းများပြကွက်၊ ရိုးရာခရီးဆောင်လွယ်အိတ်များပြကွက်၊ ဒေသထွက် တိုင်းရင်းဆေးများပြကွက်၊ ရိုးရာဂျပ်ခုတ်အထည်ရက် ကိရိယာများပြကွက်၊ ရဝမ်ရိုးရာ လက်ဝတ်ရတနာများပြကွက်၊ ရဝမ်လူမျိုးများ ဆင်းသက်လာရာပြမြေပုံ၊ နိုင်ငံတော်ခေါင်းဆောင်များနှင့် ပြည်နယ်ယဉ်ကျေးမှု ခေါင်းဆောင်များပြကွက်တို့ကို ပြသထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၄ ရက်က ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိခဲ့သည်။ ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုခဲ့ပြီး ]]ရဝမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့်သမိုင်းကို ထိန်းသိမ်းနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရှေးဟောင်းရိုးရာ လက်မှုအသုံးအဆောင်များသည် အဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျထိန်းသိမ်းရန်နှင့် သန့်ရှင်းသပ်ရပ်စွာပြသထားရှိရန်လည်း လိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပိုးမွှားများ၏ဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်းမှုများမဖြစ်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက ရဝမ်ယဉ်ကျေးမှုပြတိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပြီး ရဝမ်ရိုးရာရိန်ဒန်(ခေါ်) မနောတိုင်ရှေ့တွင် ရဝမ်တိုင်းရင်းသားများနှင့် အတူတကွ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်းသိရှိရသည်။ ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့်ဒေသ တစ်ခုဖြစ်ပြီး ထူးခြားသည့်ဝိသေသရှိသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသ၏ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကိုစီ၍ ကာရံထားသည့်ကျောက်စီခြံစည်းရိုးများလည်း ရှိသည်။
အဆိုပါကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်ကြောင်း၊ အလားတူ ဒေသ၏ လူမှုပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပစေရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မျက်စိပသာဒဖြစ်စေရေးအတွက် လည်း ပန်းအလှပင်များကို စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့သည်။
အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။