နိုင်ငံနှင့် တပ်မတော်အတွက် ခေတ်မီတပ်မတော်(ရေ)
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်)
နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအားစု တည်ဆောက်ပိုင်ဆိုင်ခြင်းဖြစ်သည်။ တပ်မတော်ကို အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် ရည်မှန်း ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ကိုလည်း စွမ်းရည်ထက်မြက်စေရေး အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေး ဇုန်အထိအပြည့်အဝ ကာကွယ်ပေးနိုင်ရေးအတွက် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy)အဖြစ် မျှော်မှန်းပြီး တည်ဆောက်ပေးလျက်ရှိသည်။
ထိုသို့တည်ဆောက်ပေးလျက်ရှိရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ တည်ဆောက်ခြင်း၊ စစ်ရေယာဉ်များ ဖြည့်တင်း တည်ဆောက်ခြင်း၊ လူသားအရင်းအမြစ်များ ပိုမိုတိုးတက် ကောင်းမွန်အောင်ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာ အတွက် စဉ်းစား၍ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်းမိုင်ပေါင်း၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော် ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင်နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိက တာဝန်ပင်ဖြစ်သည်။ နိုင်ငံတော်အတွက် ကာကွယ်ရေး စွမ်းရည်မြင့်မားရေးမှာ တပ်မတော်(ကြည်း၊ ရေ၊လေ) မဏ္ဍိုင်သုံးရပ်စလုံး ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် အရာရှိ၊ စစ်သည်များ အနေဖြင့်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများ ကာကွယ်ရေးအတွက် “လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ်နှင့် ကျောချင်းကပ် ရင်ချင်းအပ်ပြီး “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဟူသည့်ဆောင်ပုဒ်နှင့် အညီ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း” ပြောကြားသည်။
နိုင်ငံတိုင်းတွင် မိမိတို့၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်မြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီအင်အား တောင့်တင်းသော တပ်မတော်တစ်ရပ်ကို မိမိတို့၏ ဓနအင်အားပေါ် မူတည်၍ တည်ဆောက်လျက်ရှိကြသည်။ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများ၊ တပ်ဖွဲ့များအလိုက် စစ်ဆင်ရေးများနှင့် ပြည်ပနိုင်ငံများနှင့် ပူးတွဲလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများနှင့် ရေတပ်ဖွဲ့ချင်း ချစ်ကြည်ရင်းနှီးမှု ရရှိသကဲ့သို့ ရေတပ်ဖွဲ့၏ အရည်အသွေး၊ ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်မှု အတွေ့အကြုံ၊ သမုဒ္ဒရာကိုဖြတ်ကျော်ရသည့် အတွေ့အကြုံများကို ရရှိစေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ Inani ကမ်းခြေတွင် ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲတွင် ဒုံးပျံတင်ဖရီးဂိတ် စစ်ရေယာဉ်(ကျန်စစ်သား) ပါဝင်ခဲ့သည်။ အဆိုပါခရီးစဉ်မှာ တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုကို ဖော်ထုတ်ပြသနိုင်ခဲ့ရုံမက နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်း ရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ၏ စွမ်းအားနှင့် ကိုယ်တိုင်ရေးဆွဲ တည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီးဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁၄၅၆ မိုင်ကို သွားရောက်ခဲ့ပြီး သံတမန်ရေးရာ ကဏ္ဍအောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်မှာ တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။
ယနေ့အချိန်အခါတွင် တပ်မတော်(ရေ)သည် မြန်မာ့ရေပြင်ပိုင်နက်ကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်သော စွမ်းအားရှိထားပြီဖြစ်သည်။ မျက်မှောက်ခေတ်တွင် ရေတပ်များသည် ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန် စစ်ဆင်ရေး၊ ရေအောက်ရန်စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေး စသည့် စစ်ဆင်ရေးနယ်ပယ်ကြီး လေးရပ်တွင် ပြောင်းလဲ တိုးတက်လာသည့် ရေတပ်စစ်နည်း ဗျူဟာများနှင့်အညီ ရေကြောင်း စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် လိုအပ်သည့် စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေတပ်ဖွဲ့များကို ဟန်ချက်ညီ ပေါင်းစပ်ဖွဲ့စည်းလာကြသည်။ အထူးသဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ကို မဖြစ်မနေပိုင်ဆိုင် နိုင်ရေးကြိုးပမ်းလျက်ရှိကြသည်။ မြန်မာတို့ ရေငုပ်သင်္ဘော ပိုင်ဆိုင်နေခြင်းမှာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ပင် ဖြစ်ပါကြောင်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုအပ်ပါသည်။ ။