စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၁)
အခန်း(၁)
ရေနံ(Oil)
စွမ်းအင်တွေထဲက လူအများစိတ်ဝင်စားနေတဲ့ စွမ်းအင်တွေကတော့-
(က) ကျောက်မီးသွေး(Coal)
(ခ) တွင်းထွက်လောင်စာဆီ(Oil)
(ဂ) သဘာဝဓာတ်ငွေ့(Natural Gas)
(ဃ) နေ (Solar)
(င) လေ (Wind)
(စ) ဇီဝလောင်စာ (Biofuels)
(ဆ) ရေအား (Hydro)
(ဇ) နျူကလီးယား (Nuclear)
စတာတွေဖြစ်ပါတယ်။ ဒီစွမ်းအင်တွေကို ဖော်ပြစဉ်မှာ ကျွမ်းကျင်မှုဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများ၊ နိုင်ငံရေးဆိုင်ရာများကိုလည်း ဆက်စပ်ပြီးထည့်သွင်းဖော်ပြသွားပါမယ်။
ရေနံဟာ ရုပ်ကြွင်းလောင်စာ (Fossil Fuel) တစ်မျိုးပါ။ မြေလွှာထဲက ဇီဝရုပ်ကြွင်းတွေဟာ ကာလကြာ ကြီးမားတဲ့ဖိအားနဲ့ ကြီးမားတဲ့အပူချိန်ကြောင့် ဓာတုသဘောအရ ရုပ်ပြောင်းသွားပြီး ရေနံဖြစ်ပေါ်ရတာပါ။ ဇီဝရုပ်ကြွင်း ဆိုတာတွေကတော့ အပင်၊ ပိုးကောင်၊ သစ်ရွက်ဆွေးတွေပါပဲ။ ကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပေါင်းစပ်ပြီး ဟိုက်ဒရိုကာဗွန်ပေါင်းစပ်အရည်ကို ရေနံလို့ခေါ်တာပါပဲ။ ဇီဝရုပ်ကြွင်းကိုလိုက်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုပြီး ကွဲပြားသွားပါတယ်။ ကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပေါင်းစပ်မှုအနည်းအများပေါ်မူတည်ပြီး ကွဲသွားတာပါ။ ရေနံမှာတော့ API Gravity ပေါ်မူတည်ပြီး ဆီအရည်အသွေး ပြောင်းလဲနိုင်ပါတယ်။ အစပိုင်းမှာ ရေနံထွက်လာရာကနေ အပူချိန်မြင့်၊ ဖိအားမြင့် အခြေအနေမျိုးမှာ သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းသွားနိုင်ပါတယ်။ ရေနံဆိုတာကလည်း မြေအောက်မှာ ရေလှောင်ကန်လို ဂူပုံသဏ္ဌာန်နဲ့တည်ရှိနေတာ မဟုတ်ဘဲ ကျောက်သားတွေထဲမှာ သေးငယ်တဲ့နေရာလွတ်တွေမှာ ဝင်ရောက်ဖြစ်တည်နေတာပါ။ ရေနံအဓိက ခိုအောင်းနေတာကတော့ သဲကျောက်(Sand Stone)တွေထဲမှာဖြစ်ပါတယ်။ သဲကျောက်ထဲမှာ ခိုအောင်းစရာနေရာတွေ များများဖြစ်တည်ပါတယ်။
မြေမျက်နှာပြင်အောက်မှာရှိတဲ့ ရေနံကို အပေါ်ကကာထားတဲ့ ရေပိတ်ကျောက်သား အလွှာတစ်ခုခု (Seal)သာမရှိရင် ရေနံဟာဖိအားနဲ့ မြေပေါ်ကိုစိမ့်ထွက်လာနိုင်ပါတယ်။ စိမ့်ပြီးထွက်သွားရင် တစုတဝေးတည်း ရေနံတည်ရှိနိုင်ခြေနည်းသွားမှာပါ။ ဒါ့ကြောင့် ရေနံတွင်းတွေကို လေ့လာရင် ရေနံရှိတဲ့ သဲကျောက်(Sand Stone) လွှာပေါ်မှာ ရေပိတ်(Seal)တစ်ခုရှိနေတာ တွေ့ရမှာပါ။ Seal ကို အဖုံး(Cap) လို့လည်း ခေါ်ပါတယ်။
ရေနံရှာဖွေမှု
ရေနံရှာဖွေမှုများမှာ နည်းပညာပိုင်းအရ ဘူမိဗေဒ(Geology)ပညာရပ်နဲ့ ဘူမိရူပဗေဒ(Geophysics)ပညာရပ် နှစ်မျိုးစလုံးကို အသုံးပြုရပါတယ်။ ဘူမိဗေဒပညာ ရပ်ရဲ့အဓိကအလုပ်ကတော့ ကျောက်၊ မြေ စတာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနဲ့ ဆန်းစစ်ခြင်းပညာရပ်ပါ။ ဘူမိရူပဗေဒပညာရပ်ကတော့ ဘူမိဘာသာရပ်ကို ရူပဗေဒနည်းနဲ့ ကမ္ဘာ့မြေလွှာထဲထိ ဝင်ရောက်စူးစမ်းတဲ့ပညာရပ်ပါပဲ။ ဒီနှစ်ခုထဲပဲလားလို့မေးရင် မဟုတ်သေးပါဘူး၊ ရေနံဘူမိဗေဒပညာရပ်၊ မြေလွှာဖွဲ့စည်းပုံဘာသာရပ်စတာတွေပါ လွှမ်းခြုံအသုံးပြုရတဲ့ လုပ်ငန်းတစ်ခုပါ။ ရေနံသိုက်တွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတယ်ဆိုပေမယ့် ဖြစ်နိုင်ခြေရှိရင်တောင် အစမ်းတွင်းမတူးဘဲ အတည်မပြုနိုင်ပါဘူး၊ အစမ်းတွင်း တစ်တွင်းတူးတဲ့အဆင့်ထိ ကုန်ကျစရိတ်ဟာ နေရာပေါ်မူတည်ပြီး ဒေါ်လာသန်းဂဏန်းလောက်တော့ အသာလေး ကုန်ကျသွားနိုင်ပါတယ်။ အစမ်းတွင်းတွေတူးပြီး တွေ့ပြန်ရင်လည်း စီးပွားရေးတွက်ခြေကိုက်မှုရှိ၊ မရှိ ပြန်ပြီးဆန်းစစ်ရပါသေးတယ်။ စီးပွားရေးတွက်ခြေမကိုက်လောက်ရင် တူးဖော်မှုဆက်မလုပ်တော့ဘဲ တွင်းကိုပြန်ပိတ်ရပြန်ပါတယ်။ စရိတ်တွေကတော့ ဆုံးသွားပြီပေါ့။ အချို့ဆိုရင် အစမ်းတွင်းတူးနေဆဲမှာပဲ တွင်းပေါက်ကွဲမှုကြောင့် ရင်းနှီး မြှုပ်နှံထားတဲ့ စရိတ်တွေရော လူ့အသက်တွေပါဆုံးကြတာတွေရှိပါတယ်။ ဒါ့ကြောင့် ရေနံ(Oil) တူးဖော်ရေးလုပ်ငန်းဟာ ကျွမ်းကျင်မှုရော ငွေကြေးပါ ပြည့်စုံမှ ဆောင်ရွက်လို့ရတဲ့ အလုပ်လို့ပဲဆိုရမှာပါ။ တစ်နည်းပြောရရင် စွန့်စားရမှုများတဲ့ အလုပ်လို့လည်း ဆိုနိုင်ပါတယ်။
ရေနံလက်နက်
ကမ္ဘာပေါ်မှာ လူသားတွေကို ရာစုနှစ်ပေါင်းများစွာ အဓိကအကျိုးပြုနေတဲ့ စွမ်းအင်ဟာ ရေနံလို့ပြောလို့ရပေမယ့် ဒီရေနံကိုအကြောင်းပြုပြီး နိုင်ငံရေးချုပ်ကိုင်လို့ရတဲ့ လက်နက်တစ်ခုလို သုံးနေခဲ့ကြတာကိုလည်း သိထားကြရမှာပါ။ ယနေ့ အရှေ့အလယ်ပိုင်းနိုင်ငံ အချို့ဟာ အရှေ့အနောက်အုပ်စုတွေရဲ့ ရေနံအချက်အချာ ဖြစ်နေတာကြောင့် ဒီဒေသမှာ အုပ်စုချင်းအပြိုင်တပည့်မွေးကြပြီး သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေခဲ့ကြတာလည်း လက်တွေ့ပါပဲ။ ရေနံကြွယ်ဝတဲ့နိုင်ငံတွေဟာ အခြားနိုင်ငံတွေထက် ချက်ချင်းချမ်းသာ ကြွယ်ဝလာတာလည်း တွေ့ကြရပါတယ်။ နော်ဝေလို ယနေ့ ဖွံ့ဖြိုးနေပါတယ်ဆိုတဲ့ ဥရောပ နိုင်ငံတောင်မှ ၁၉၇၀ ပြည့်နှစ်များ နောက်ပိုင်းမှာ အနောက်ဘက် ပင်လယ်ပြင်မှာ ရေနံသဘာဝဓာတ်ငွေ့ထွက်ရှိလာလို့ ဘဝပြောင်း သွားတဲ့ နိုင်ငံလို့ ပြောရင်ရပါတယ်။
ရေနံကြွယ်ဝမှုအကြောင်းပြုပြီး အုပ်စုအချင်းချင်း နိုင်ငံရေးအသာစီးရဖို့၊ စီးပွား ရေးအသာစီးရဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်ကြလို့ စစ်ပွဲတွေလည်း မဆုံးနိုင်ဖြစ်နေတာတွေ့ရမှာပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လက်နက် ကြောင့် စစ်ပွဲကြီးတွေဖြစ်တာသာ တွေ့ဖူးပြီး ကျောက်မီးသွေးကြောင့်၊ ယူရေနီယမ်ကြောင့် ကမ္ဘာ့အရှေ့အနောက် အုပ်စုတွေ စစ်ခင်းတာမတွေ့ရတာကို ကြည့်ခြင်းအားဖြင့် စွမ်းအင်အရင်းအမြစ် တွေထဲမှာ ရေနံသဘာဝဓာတ်ငွေ့နဲ့ ပတ်သက်လာရင် သတိထားရမယ့်ကိစ္စလို့ သိထားသင့်ပါတယ်။
ကမ္ဘာ့ရေနံလက်ကျန်
၂၀၁၃ ခုနှစ် စာရင်းအရ တစ်ကမ္ဘာလုံးမှာ အတည်ပြုနိုင်တဲ့ (Proven) ရေနံစိမ်းဟာ စည်သန်းထောင်ပေါင်း ၁၆၈၇ ဒသမ ၉ (Billion Barrel) ကျန်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ တစ်နှစ်စာထုတ်လုပ်သုံးစွဲခဲ့တဲ့ ကမ္ဘာ့ရေနံစိမ်းဟာ ၂၉ ဒသမ ၂ Billion Barrel ဖြစ်ခဲ့ပါတယ်။ နေ့စဉ်ပျမ်းမျှ စည်သန်းပေါင်း ၈၀ ဒသမ ၆ ထိ သုံးနေပါတယ်။ ဒီနှုန်းအတိုင်းဆက်သုံးရင်တော့ ကမ္ဘာ့လက်ကျန်ဟာ နှစ် ၅၀ ကျော်စာပဲ လက်ကျန်ရှိပါတော့တယ်။ တိတိကျကျ တွက်ချက်ထားတာအရဆိုရင် ၅၃ ဒသမ ၃ နှစ်လို့တောင်ဆိုပါတယ်။နောက်ထပ် ရေနံတွေ ထပ်တွေ့လာရင် ကံကောင်းတာလို့ဆိုရပေမယ့် ခက်ခဲတဲ့နေရာတွေမှာသာ ရေနံတူးဖော်ဖို့ကျန်နေတာ ဖြစ်တဲ့အတွက် ဈေးကျမယ့်လမ်းမမြင်ပါဘူး။ ရေနံဈေးကို အခြားလောင်စာဈေးနဲ့ပြန်ထိန်းထားတာကြောင့်သာ ရေနံဈေးဟာ ၂၀၁၇ ခုနှစ်ဝန်းကျင်မှာ တစ်စည်ကို ဒေါ်လာ ၆၀ ဝန်းကျင်ထိ ကျဆင်းလာတဲ့ သဘောလို့ ဆိုရမှာပါ။ သို့သော် ၂၀၁၈ ခုနှစ်၊ မေလမှာ တစ်စည်ကို ဒေါ်လာ ၈၀ ကျော်သွားပြီး ဇွန်လဆန်းမှာ ၇၀ ကျော်ထိ ပြန်ကျလာပြီး စက်တင်ဘာလမှာ ၈၂ ဒေါ်လာထိ ပြန်တက်သွားပြန်ပါတယ်။
ဒါ ကြောင့် သတိထားရမယ့် လောင်စာလို့ ဆိုနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။