ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၄
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်၂၀၂၃ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အား ကစားရုံ၌ ဆက်လက် ကျင်းပသည်။
ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင် သာယာရေး ကော်မတီအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသင်းက ပြည်ထောင်စုရာထူးဝန် အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
အဆိုပါပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။