ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၂၄

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။

ယနေ့ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီမှစတင်၍  ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ (အမျိုးသမီး)ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့်  နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်း၊ (အမျိုးသား)ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။