သတိထားရန် လိုအပ်လာသည့် ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု

သတိထားရန် လိုအပ်လာသည့် ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု

    တရုတ်နိုင်ငံအရှေ့ပိုင်းရှိ   ကျဲ့ကျန်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ  ပြန်လည်မြင့်တက်လာခြင်းကြောင့် အာဏာပိုင်များက ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။ ကျဲ့ကျန်းပြည်နယ်တွင် ယခုအခါ နေ့စဉ်လူထောင်ပေါင်းများစွာ ရောဂါပိုး ကူးစက်ခံနေရပြီး   လာမည့်ရက်ပိုင်းအတွင်း၌ ပြည်နယ်အတွင်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်မှာ နှစ်သန်းအထိမြင့်တက် လာနိုင်ကြောင်း ပြည်နယ်အစိုးရက ဒီဇင်ဘာ၂၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရောဂါပိုးထပ်မံ ကူးစက်ခံရသူများ အနက် ၁၃၅၈၀ ဦးကို ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်၍  ဆေးကုသမှု ခံယူထားသည်။ ထို့ပြင် ရောဂါပိုးထပ်မံ ကူးစက်ခံရသူ တစ်ဦးမှာ ပြင်းထန်သည့်ရောဂါလက္ခဏာများ ပြသလျက်ရှိပြီး အခြားလူ ၂၀၀ ကျော်မှာလည်း   လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း   ပြည်နယ် အာဏာပိုင်အဖွဲ့က    ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရောဂါပိုးကူးစက်မှုများ မြင့်တက်လာခဲ့သော်လည်း ရောဂါပိုးကူးစက်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း   တရုတ်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထုတ်ပြန်သည်။ တရုတ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လုံးဝပပျောက်သွားစေရန်အတွက်   တင်းကျပ်သည့်စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး  ပြည်သူ သန်းရာပေါင်းများစွာအတွက် လော့ဒေါင်းများကိုပါ ချမှတ်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးမှာ ထိခိုက်ခဲ့ရသည်။

ထို့ကြောင့်   အစိုးရကတင်းကျပ်သည့် စည်းမျဉ်းများကို   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက   အနည်းငယ်ဖြေလျှော့ပေးခဲ့ပြီးနောက်   နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။  လက်ရှိနိုင်ငံ အတွင်းဖြစ်ပွားနေသည့်   ရောဂါပိုးကူးစက်မှုများနှင့် စပ်လျဉ်း၍ ကူးစက်ခံရသူ အရေအတွက်ကို အတိအကျကောက်ယူရန်   ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ထို့ပြင်  တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်အဖွဲ့သည် ရောဂါပိုး ကူးစက်ခံရသည့်  လက္ခဏာမပြသသော လူနာအရေအတွက်ကို ဆက်လက်ထုတ်ပြန် ကြေညာခြင်း မရှိသောကြောင့်   ယခုအခါ နိုင်ငံအတွင်း၌ လူအရေအတွက် မည်မျှရောဂါ ကူးစက်ခံနေရသည် ဟူသော အချက်ကို ခြေရာခံရန်   ပိုမိုခက်ခဲလာစေခဲ့သည်။

အလားတူပင် တရုတ်နိုင်ငံတွင် ချမှတ်ခဲ့သည့် ရောဂါကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းများကို ဖြေလျှော့ပြီးနောက်ပိုင်းတွင် ရောဂါပိုး ကူးစက်ခံရမှုကြောင့် ဆေးရုံသို့တက်ရောက် ကုသမှုခံယူရသည့် လူနာအရေအတွက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပေးပို့နေခြင်းကိုလည်း ရပ်တန့်ပစ်ခဲ့သည်။

တရုတ်နိုင်ငံတွင် ရောဂါပိုး ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ရောဂါပိုးကူးစက်မှုနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် အရေးပေါ်ကြေညာချက်ကို   ပြန်လည်ရုပ်သိမ်းရန်  စောလွန်းလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အကြံပေးများက ဆိုသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေဖြင့်   ထုတ်ပြန်ကြေညာထားသည့်  အရေးပေါ် အခြေအနေကို    မကြာမီအနာဂတ်တွင် ရုပ်သိမ်းနိုင်မည်ဟု ယခုနှစ်စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။    သို့သော် အခြေအနေမှာ  ပြောင်းလဲခဲ့ပြီဖြစ်သောကြောင့်   ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့် ထုတ်ပြန်ထားသည့်   အရေးပေါ် အခြေအနေကို လာမည့်နှစ်မှသာ ရုပ်သိမ်းနိုင်မည့် အလားအလာရှိကြောင်း   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ အကြီးအကဲ တီဒရိုအက်ဟာနွန်ဂီဘရီယေးဆက်က ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း၌ သတင်းထောက် များကို ပြောကြားခဲ့သည်။

တရုတ်အစိုးရအနေဖြင့်  နိုင်ငံအတွင်း ပြန်လည်မြင့်တက်လာသည့်  ရောဂါပိုး ကူးစက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် ကျေးလက်ဒေသများရှိ ဆေးရုံများတွင်  အထူးကြပ်မတ်ဆောင်များကို တိုးမြှင့်ပြင်ဆင်ထားရန်  ညွှန်ကြားထားသည်။ နိုင်ငံအတွင်း၌ ယခုနှစ်ဒီဇင်ဘာလ၏ ပထမဆုံးရက် ၂၀ အတွင်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်မှာ သန်း ၂၀၀ ကျော်အထိ   မြင့်တက်လာနိုင်သည်ဟုအမျိုးသားကျန်းမာရေး ကော်မရှင်အဖွဲ့၏ အစည်းအဝေး မှတ်တမ်းများတွင်  ဖော်ပြထားသည်။ အကြောင်းမှာ လူတစ်ဦးရောဂါပိုး ကူးစက်ခံရပါက ယင်းလူပုဂ္ဂိုလ်မှ တစ်ဆင့် အခြားလူ ၁၈ ဦးအထိ ကူးစက်နိုင်ဖွယ် ရှိကြောင်း   ရှန်ဟိုင်းမြို့ရှိ   ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကျန်းဝမ်ဟုန်က ခန့်မှန်းထားသည်။

နိုင်ငံအတွင်း၌   ရောဂါပိုး ကူးစက်မှုများ   ပြန်လည်မြင့်တက်လာခြင်းအတွက် ခရစ္စမတ်ကာလအတွင်း  လူစည်ကားရာ နေရာများသို့ သွားရောက်ခြင်းမပြုဘဲ မိမိတို့၏နေအိမ်များတွင်သာ  နေထိုင်ကြရန် ရှန်ဟိုင်းမြို့ အာဏာပိုင်အဖွဲ့က မြို့အတွင်းရှိ ပြည်သူများကို တိုက်တွန်းထားသည်။

ထို့ကြောင့် ရှန်ဟိုင်းရှိပြည်သူများသည် ၎င်းတို့ ကျင်းပမြဲဖြစ်သည့်  ပါတီပွဲများကို ဖျက်သိမ်းလိုက်ရသည့်အပြင် ဟိုတယ်များတွင်လည်း ဝန်ထမ်း မလုံလောက်မှုကြောင့် အခန်းငှားရမ်း တည်းခိုရန် ကြိုတင်စာရင်းပေးမှုများကိုပါ ဖျက်သိမ်းပစ်လိုက်ရသည်။

တရုတ်နိုင်ငံတွင်   လာမည့်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်သူ အရေအတွက်သည် နေ့စဉ်တစ်သန်းခန့် ရှိမည်ဖြစ်ပြီး သေဆုံးသူဦးရေမှာလည်း တစ်ရက်လျှင် ၅၀၀၀ ကျော်အထိမြင့်တက်လာနိုင်ကြောင်း ဗြိတိန်အခြေစိုက် ကျန်းမာရေးဆိုင်ရာ အကဲဖြတ်အဖွဲ့ကြီး တစ်ခုဖြစ်သည့် Airfinity ကထုတ်ပြန်သည့်  တရားဝင် အချက်အလက်များတွင်ဖော်ပြထားသည်။

ထို့ပြင်  တရုတ်နိုင်ငံတွင်  ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း၌ တစ်ရက်တည်းမှာပင် လူ ၃၇ သန်းနီးပါး  ရောဂါပိုး ကူးစက်ခံခဲ့ရဖွယ်ရှိသည်ဟု  Bloomberg သတင်းဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ဖော်ပြခဲ့သည်။

ရောဂါပိုးကူးစက်မှုများသည်  အစိုးရက ချမှတ်ထားသည့်   ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု     လုံးဝပပျောက်သွားစေရေး စည်းမျဉ်းများကို    ဖြေလျှော့ပြီးနောက် မြင့်တက်လာခြင်းဖြစ်ပြီး  ယခုအခါအစိုးရ အနေဖြင့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးနှင့် ကုသရေးတို့ကို   ထိရောက်စွာ လုပ်ဆောင်ရန်   ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့်  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့်   ချမှတ်ထားသည့် အရေးပေါ်ကြေညာချက်မှာ  ဆက်လက်ရှိနေမည်ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများ အနေဖြင့်လည်း ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ သတိထား လုပ်ဆောင်သင့်ကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။