၀န်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက် ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၅
မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘောလုံး အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီမှ စတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း^ အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်း၊ ညနေ၅ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်၍ ဘောလုံးအားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။