အမေရိကန်က အာဖဂန်မှ အလောတကြီး ဘာကြောင့် ဆုတ်ခွာသွားရတာလဲ
အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာခဲ့ခြင်းသည် ယူကရိန်းအား လက်နက် တပ်ဆင်ပေးရာတွင် အထောက်အကူပြုခဲ့ပြီး အကယ်၍ အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်မှ ဆုတ်ခွာခြင်းမပြုဘဲ ယူကရိန်းအား အကူအညီပေးမည်ဆိုပါက ပိုမိုခက်ခဲရှုပ်ထွေးဖွယ်ရှိကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဝန်ခံပြောကြားခဲ့သည်။
အာဖဂန်တွင် ဆင်နွှဲနေသည့်စစ်ပွဲကို အဆုံးသတ်၍ ယင်းနိုင်ငံအတွင်းမှ ဆုတ်ခွာခဲ့ခြင်းသည် အမေရိကန်က ယူကရိန်းသို့ လက်နက်ပစ္စည်း အရင်းအမြစ်များလွှဲပြောင်းပေးခြင်းကို အထောက်အကူပြုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ဒီဇင်ဘာ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ လူသိရှင်ကြား ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် အာဖဂန်ရှိ ၎င်းတို့၏တပ်များကို ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း အပြီးသတ် ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယူကရိန်းသို့ လက်နက်ပစ္စည်း အရင်းအမြစ်များ လွှဲပြောင်းပေးခြင်းကို ယင်းနှစ် စက်တင်ဘာလမှ စတင်လုပ်ဆောင်ခဲ့ဖွယ် ရှိသည်။ အာဖဂန်မှ အမေရိကန်တပ်များ အရှုံးဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းသည် ကမ္ဘာ့နိုင်ငံများကြား ပြောစရာ ကိစ္စရပ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် အာဖဂန်အား တာလီဘန်များ ပြန်လည် သိမ်းယူခဲ့ခြင်းသည် အမေရိကန်တို့ အတွက် စစ်ရေးအရ များစွာအထိနာစေခဲ့သည်ဟုလည်း ဆိုနိုင်သည်။
အမေရိကန်အစိုးရသည် မအောင်မြင်သည့် အာဖဂန်စစ်ပွဲ ဆင်နွှဲခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂ ထရီလီယံခန့် သုံးစွဲခဲ့ရသည်ဟု ခန့်မှန်းရပြီး ၂၀၂၁ ခုနှစ်အတွင်းမှာပင် အာဖဂန်တပ်များအား လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင် ပေးခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံခန့် အသုံးပြုခဲ့ရသည်။ အာဖဂန်တပ်များအား တပ်ဆင်ပေးခဲ့သည့် လက်နက်ပစ္စည်းအများစုမှာလည်း တာလီဘန်စစ်သွေးကြွများ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်တို့သည် အာဖဂန်မှ ထွက်ခွာခဲ့ရသည်။
သို့သော် အမေရိကန်အနေဖြင့် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်သိမ်းချိန်ကတည်းက နောက်ထပ်စစ်ပွဲတစ်ရပ်တွင် ဝင်ရောက်စွက်ဖက်ရန် အသင့်ပြင်နေခဲ့ပြီ ဖြစ်သည်။ အမေရိကန်သည် အာဖဂန်မှ ဆုတ်ခွာပြီးနောက် ဥရောပတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မဟာမိတ် နိုင်ငံများနှင့် အသေးစိတ် ဆွေးနွေးခဲ့ပြီး ယူကရိန်းအရေးအတွက် ဦးတည်ပြင်ဆင် လာခဲ့ဖွယ်ရှိသည်။
ယူကရိန်းလက်နက်ကိုင် ပဋိပက္ခ စတင်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် တစ်ခုတည်းကပင် ယူကရိန်းနိုင်ငံသို့ တိုက်ရိုက်လုံခြုံရေး အကူအညီအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကို ပေးအပ်ထားပြီး ဖြစ်သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ထို့ပြင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ယူကရိန်းသို့ ယခုနှစ်တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၉၇ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအကူအညီများ ပေးအပ်ခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရသည် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေး အတွက်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏စစ်သည်များကို အရှေ့ဥရောပရှိ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများသို့ ရွှေ့ပြောင်းခဲ့သည်။ အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံအပေါ် ခြိမ်းခြောက်မှုအဖြစ် ရုရှားက ရှုမြင်လျက်ရှိသည်။
အမေရိကန်တပ်များအား နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများတွင် ဖြန့်ကြက်ခြင်းသည် ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုမှ မဟာမိတ်နိုင်ငံများအား အကာအကွယ်ပေးရန် သို့မဟုတ် မဟာမိတ်နိုင်ငံများအား လုံခြုံရေးအရ စိတ်ချမှုရှိစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမေရိကန်က အကြောင်းပြချက် ပေးထားသည်။
ထို့ပြင် ယူကရိန်းသမ္မတ ဇီလန်စကီသည် ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်၍ သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခဲ့ပြီး ကွန်ဂရက် လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ဇီလန်စကီသည် အဆိုပါ ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်အစိုးရထံမှ အကူအညီများ ဆက်လက်ပေးပို့မည် ဟူသော ကတိကဝတ်ကို ရရှိခဲ့သည်။
အမေရိကန်ကပေးအပ်မည့် အကူအညီများတွင် Patriot အမျိုးအစား လေကြောင်း ကာကွယ်ရေးစနစ်အတွက် ပစ်စင်တစ်ခု အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ လက်နက်ခဲယမ်းများပါဝင်သည်။ ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့် ၂၀၂၃ ခုနှစ်တွင်လည်း ယူကရိန်းနိုင်ငံသို့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံပေးအပ်ရန် ယူကရိန်းက တောင်းဆိုခဲ့သည်။
အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန် အစိုးရသည် အင်အားကြီးထွားလာသည့် ရုရှားနိုင်ငံကို တန်ပြန်နိုင်ရေးနှင့် ယူကရိန်းအား လက်နက်ပစ္စည်း အရင်းအမြစ်များ ထောက်ပံ့ရန် အာဖဂန်မှ အရေးတကြီး ဆုတ်ခွာခဲ့ခြင်းဖြစ်သည်ဟု လူသိရှင်ကြား ဝန်ခံခဲ့ပြီးဖြစ်သည်။
ထို့ပြင် ဥရောပတွင် အမေရိကန်က လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များ၊ အကြောင်းအမျိုးမျိုးပြ၍ တခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ရုံသာမက ပိတ်ဆို့မှုကို ဖိအားအဖြစ် အသုံးချနေမှုများသည် လက်ရှိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် ပဋိပက္ခအား လျော့ကျစေရန် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အခြေအနေကို ပိုမိုဆိုးရွားလာစေရန် လှုံ့ဆော် ပေးနေခြင်းသာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: ST, RT news