ရုရှား၏ ပဉ္စစမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် အိန္ဒိယ
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံ ကုန်သွယ်မှုသည် ယခုနှစ် ၁၀ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံအထိ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ရုရှား၏ ပဉ္စစမမြောက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်လာသည်။
အိန္ဒိယနှင့်ရုရှားနှစ်နိုင်ငံကြား ကုန်သွယ်မှု တိုးမြှင့်လာပြီးနောက် အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းပမာဏ မြင့်တက်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံအစိုးရအဖွဲ့များသည် ၎င်းတို့ကြားကုန်သွယ်မှု ပြုလုပ်ရာတွင် ငွေကြေးပေးချေမည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းပြီး နောက်ပိုင်း ကုန်သွယ်မှု ပမာဏမှာ ယခင်ကထက် ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း အိန္ဒိယအကောက်ခွန်ဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းပမာဏသည် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ အထိ အမေရိကန်ဒေါ်လာ သန်း ၂၈၀ အထိ မြင့်တက်လာကြောင်း အကောက်ခွန် ဌာနမှ ထုတ်ပြန်သည့်စာရင်းများတွင် ဖော်ပြထားသည်။
အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ၎င်းတို့ကြား အဟန့်အတားဖြစ်နေခဲ့သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို ဖြေလျှော့ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် တူကီယဲနိုင်ငံမှတစ်ဆင့် တင်ပို့လိုပါက တင်ပို့ နိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါအင်အားကြီး နှစ်နိုင်ငံသည် ၎င်းတို့ကြား ငွေကြေးပေးချေရာတွင်လည်း ရူပီးငွေကြေးဖြင့် ပေးချေရန် သဘောတူညီထားပြီးဖြစ်သည်။
ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကြောင့် အိန္ဒိယ-ရုရှား ကုန်သွယ်မှု၌ ငွေကြေးပေးချေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင် ယခုနှစ် သြဂုတ်လအထိ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်။ သို့သော် အဆိုပါ အခက်အခဲနှင့် အဟန့်အတားများကို နှစ်နိုင်ငံစလုံးက စေ့စပ်ဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်ပမာဏမှာ ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသည်။
အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ရေနံဝယ်လိုအား မြင့်တက်လာပြီး အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုသည် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံအထိ မြင့်တက်လာသည်။ အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း၌ ရုရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၉၉ သန်း တန်ဖိုးရှိ ရေနံများကိုသာ တင်သွင်းခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုသည် ယခုနှစ် အတွင်း စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ယခင်က ရုရှားနိုင်ငံမှ ရေနံကို ၁ ရာခိုင်နှုန်းသာ တင်သွင်းခဲ့သော်လည်း ယခုအခါ နိုင်ငံကတင်သွင်းနေသည့် စုစုပေါင်းပမာဏ၏၂၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ တင်သွင်းလျက်ရှိသည်။ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံကုန်သွယ်မှု သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ မြင့်တက်လာစေရန် လုပ်ဆောင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့က ချမှတ်ခဲ့သော်လည်း လက်တွေ့တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏသည် ကနဦး မျှော်မှန်းထားသည့် ပမာဏထက် သုံးဆခန့် ပိုမိုမြင့်တက်လာမည့် အလားအလာရှိနေသည်။
အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှ အဓိကတင်သွင်းနေသည့် တခြားကုန်ပစ္စည်းမှာ ဓာတ်မြေသြဇာဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံမှ အများဆုံး တင်သွင်းနေသည့် သွင်းကုန်မှာ ရေနံဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် လက်ရှိတွင် ၄ ရာခိုင်နှုန်းကျော်သာ တိုးတက်ခဲ့ပြီး ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းလာမည့် အခြေအနေနှင့် တွေ့ကြုံရဖွယ်ရှိသည်။ ထို့ကြောင့် ရုရှားနိုင်ငံ၏ ကန့်သတ်မှုနှင့် ရင်ဆိုင်နေရသည့် ဥရောပနိုင်ငံများ အနေဖြင့် ဈေးနှုန်းသက်သာသည့် အိန္ဒိယနိုင်ငံမှ စွမ်းအင်တင်ပို့မှုအပေါ် မှီခိုလာနိုင်သည့်အပြင် အိန္ဒိယနိုင်ငံအတွင်းရှိ စွမ်းအင်ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမည့် အလားအလာ ရှိနေသည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ဥရောပနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ရုရှားနိုင်ငံနှင့် လုပ်ဆောင်နေသည့် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊အထူးသဖြင့် ရေနံတင်သွင်းမှုသည် ယခင်ကထက် ပိုမိုမြင့်တက်လာမည့် အလားအလာရှိနေသည်ဟု ကျွမ်းကျင်သူများက ရှုမြင်လျက်ရှိသည်။
Ref: Russia-briefing, Sputnik