ငရုတ်သီး ဈေးကောင်းလာခြင်းကြောင့် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီး ဈေးကောင်းလာခြင်းကြောင့် ငရုတ်စိုက်တောင်သူများ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လာကြကြောင်း သိရသည်။
ငရုတ်သီးကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြပြီး ၆၉၂၊ ကျောက်စိမ်း၊ ပီနံ၊ ရှမ်းပွ စသည်ဖြင့် နေရာဒေသကို လိုက်၍ အမျိုးမျိုးခေါ်ကြသော်လည်း ၆၉၂၊ ကျောက်စိမ်းနှင့် ပီနံမျိုးများကို အများဆုံး စိုက်ပျိုးကြသည်။
မင်းဘူး(စကု)မြို့နယ်တွင် ယခင် သနပ္ပင်စု၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ မန်းကျိုး စသောကျေးရွာတို့တွင် ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း ယခုနှစ် ငရုတ်သီးအစိုတစ်ပိဿာလျှင် လက်ကားဈေးငွေကျပ် ၂၀၀၀၊ ငရုတ်သီး အခြောက်တစ်ပိဿာ ၁၅၀၀၀ ဈေးအထိ ဖြစ်လာချိန်တွင် ငရုတ်စိုက်တောင်သူများ အဆင်ပြေကာ မင်းဘူး(စကု) တစ်မြို့နယ်လုံး ဧက ၂၀၀ အထိ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။