၀န်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့)ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၆
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်(ဒုတိယနေ့)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက်ကျင်းပသည်။
ကွာတားဖိုင်နယ်(ဒုတိယနေ့) ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံး အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘာလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ညနေ ၅ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း၊ မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘောလုံး အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)