စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၄)
အမှတ်စဉ်(၄)
အခန်း(၂)
လူသားတွေအတွက် စွမ်းအင်ဖြည့်ဆည်းပေးနေတဲ့ တွင်းထွက်လောင်စာ(Fossil Fuel)တွေထဲမှာ သဘာဝဓာတ်ငွေ့(Natural Gas) ဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေပါတယ်။ သဘာဝဓာတ်ငွေ့ထဲမှာ အခြားဓာတုပစ္စည်းများဖြစ်တဲ့ အီသိန်း၊ ပရိုတိန်း၊ ဗျူတိန်းဓာတ်ငွေ့တွေပါဝင်နေပြီး ဒီထဲမှာပါတဲ့ ဓာတုပစ္စည်း အချို့ဟာလည်း လူသားတွေအတွက် အသုံးဝင်တာတွေ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာ ပညာရှင်များခန့်မှန်းထားတာကတော့ အတည်ပြုနိုင်တဲ့ (Proven) ကမ္ဘာ့ဓာတ်ငွေ့သိုက်ပမာဏဟာ ၂၁၆ tcm ရှိတယ်လို့ ဆိုပါတယ်။ (tcm = trillion cubicmeter) ကမ္ဘာပေါ်မှာ ဘယ်သူတွေ ဓာတ်ငွေ့သိုက်အများဆုံးပိုင်သလဲ သဘာဝ ဓာတ်ငွေ့သိုက်တွေကို ဘယ်သူတွေက အများဆုံးပိုင်ထား သလဲဆိုတာ အောက်က ဇယားမှာလေ့လာနိုင်ပါတယ်။
ဖော်ပြခဲ့တဲ့နိုင်ငံတွေထဲမှာ သဘာဝဓာတ်ငွေ့သိုက် အများဆုံး ပိုင်နေတဲ့ ခုနစ်နိုင်ငံကို လေ့လာရင် ခေါင်းဆောင်နေတာက ရုရှား၊ စတုတ္ထနေရာလိုက်နေတာက အမေရိကန် ဖြစ်ပြီး ကျန်ငါးနိုင်ငံဟာ အာရပ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေသာ ဖြစ်နေတာကို တွေ့ရမှာပါ။ မြန်မာကတော့ ၂၀၁၀ ပြည့်နှစ်စာရင်းအရ အမှတ်စဉ် (၄၃) မှာရှိပြီး အတည်ပြုနိုင်မှု (Proven) က ၂၈၃ ဘခာ ရှိတယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမှတ်စဉ် (၃၆)ဖြစ်ပြီး အတည်ပြုပိုင်ဆိုင်မှုက ၃၈၅ ဘခာ ၊ ထိုင်းနိုင်ငံက အမှတ်စဉ် (၃၉) အတည်ပြုပိုင်ဆိုင်မှုက ၃၄၂ bcm အသီးသီးပိုင်ဆိုင်ပါတယ်။ကမ္ဘာ့ဓာတ်ငွေ့ထုတ်ယူသုံးစွဲမှုပမာဏ ထုတ်ယူသုံးစွဲနေမှုကိုလည်း နှစ်အလိုက် အောက်ကဇယားမှာ တွေ့နိုင်ပါတယ်။
ဖော်ပြခဲ့တဲ့အတိုင်းထုတ်ယူသုံးစွဲနေမှုကိုလေ့လာရင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ် အထိ ၂၄ နှစ်အတွင်း တစ်နှစ်ပျမ်းမျှတိုးတက်သုံးစွဲ မှုနှုန်းဟာ ၈၈ ဒသမ ၅ bcm သာရှိခဲ့ သော်လည်း ရှေ့လာမယ့်နှစ်များမှာ သုံးစွဲဖို့ခန့်မှန်းထားမှုဟာ ၂၀၄၀ ပြည့်နှစ်အထိ ၂၆ နှစ်ခရီးမှာ နှစ်စဉ် ၁၀၃ ဒသမ ၅ bcm နှုန်းထိတိုးပြီး သုံးစွဲလာမယ် လို့တွက်လို့ရပါ တယ်။သဘာဝဓာတ်ငွေ့ဈေးနှုန်း ဓာတ်ငွေ့ဈေးနှုန်းကိုဘယ်လိုသတ်မှတ်ကြသလဲ၊ ဘယ်လို အခြင် အတွယ်နဲ့ သတ်မှတ်ရောင်းနေကြသလဲဆိုတာကို ရှင်းပြပါမယ်။
စာဖတ်သူတို့ သတိပြုမိမှာပါ။ ကမ္ဘာ့ရွှေဈေးကို တစ်အောင်စ ဘယ်ရွေ့ဘယ်မျှဆိုပြီး နေ့စဉ်ပေါက်ဈေးသတ်မှတ်နေတာဟာ ဇူးရစ် (ဆွစ်ဇာလန်နိုင်ငံ) ရွှေဈေးကွက်ကပါ။ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းကိုသတ်မှတ်နေတာကတော့ Henry Hub ဆိုတဲ့နေရာက သတ်မှတ်တာပါ။ Henry Hub ဆိုတဲ့နေရာလေးဟာ အမေရိကန် နိုင်ငံ လူစီယားနား (Luisiana) ပြည်နယ်ထဲက အီရပ် (Earth) ဆိုတဲ့ ဒေသမှာရှိပါတယ်။ ဒေသလေးဟာ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ ဆုံချက်ဖြစ်နေရာကနေ အမေရိကရဲ့ဓာတ်ငွေ့ဈေးနှုန်းကို တွက်ချက်သတ်မှတ်ပေးနေတဲ့ နေရာကလေး ဖြစ် လာတာပါပဲ။
ကျန်တဲ့ဒေသတွေကတော့ Henry Hub ဈေးကိုအခြေခံပြီး ကိုယ့်ဒေသတွင်းဈေးကွက် နဲ့ ချိန်ထိုးပြီး တွက်ချက်သတ်မှတ်ကြပါတယ်။ဓာတ်ငွေ့အရောင်းအဝယ်ယူနစ် ထူးခြားတာက သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ထုထည်နဲ့တိုင်းတာ သတ်မှတ်ကြပေမယ့် ရောင်းတဲ့ဝယ်တဲ့အခါကျတော့ ထွက်လာတဲ့ဓာတ်ငွေ့ရဲ့ အပူစွမ်းအင်ပေါ်မှာမူတည်ပြီး ဈေးနှုန်းသတ်မှတ်ပြောဆိုကြ ပါတယ်။ တစ်ကမ္ဘာလုံး လက်ခံသုံးစွဲနေတဲ့ အပူစွမ်းအင်ယူနစ်ကတော့ btu (british thermal unit)ပါပဲ။ btu တစ်သန်း (million btu) အပေါ်အခြေခံပြီး အမေရိကန် ဒေါ်လာနဲ့ ဈေးပြောကြတာပါ။ US Dollar/mmbtu လို့ ဈေးနှုန်းကိုပြောကြပါတယ်။
အပူစွမ်းအင်ကို ယူနစ်သုံးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ဒါတွေ ကတော့ british thermal unit (btu), Calorie (c) နဲ့ Joule (J) တို့ပဲ ဖြစ်ပါတယ်။ရေတစ်ပေါင်ကို အပူချိန် တစ်ဒီဂရီဖာရင်ဟိုက်တက်လာအောင် အပူပေး တဲ့အခါ သုံး လိုက်ရတဲ့အပူစွမ်းအင်ကို one btu လို့ သတ်မှတ်ပါတယ်။ ဒါက ဗြိတိသျှ အသုံးယူနစ်ပါ။အလားတူပဲ ရေတစ်ဂရမ်ကို တစ်ဒီဂရီစင်တီဂရိတ်တက်အောင် သုံးလိုက်ရတဲ့ အပူ စွမ်းအင်ကို one Calorie လို့ သတ်မှတ်ပါတယ်။ အမေရိကန်က သုံးပါတယ်။
International System Unit (SI) မှာကတော့ Joule (J) နဲ့ အပူစွမ်းအင် ကိုပြော ပါတယ်။ One Joule ဟာ ၁၀၅၅ btu နဲ့ ညီမျှ ပါတယ်။ ဆက်လက်ပြီး ဓာတ်ငွေ့ဈေး အတက်အကျကိစ္စ ဆက်ပါဦးမယ်။
ဘာကြောင့်ဒီနှစ်ပိုင်းမှာ ဓာတ်ငွေ့ဈေးက ကျနေတာလဲ ကမ္ဘာ့သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေကိုလေ့လာရင် အမေရိကတိုက် မှာ ဘိုလီဘီးယား၊ အမေရိကန်၊ ကနေဒါ တို့က ပြည်တွင်းလည်း သုံးသလို၊ နိုင်ငံခြားဝင်ငွေရအောင် ပြည်ပကိုထုတ်ရောင်း နေကြလို့ အလွန်ကို ဈေးချိုနေပါတယ်။ ဘိုလီဘီးယား ကနေ အာဂျင်တီးနားနဲ့ ဘရာဇီးကိုရောင်းတဲ့ဈေးက 3 US Dollar/mmbtu အောက်ထိချ ရောင်းနေပါတယ်။ အမေရိကန်ကလည်း အပြိုင်ဈေးချပြီး လိုက်ရောင်းတယ်။ ဒေသတွင်း ရောင်းမကုန် တော့ Liquified Natural Gas (LNG) လုပ်ပြီး ဥရောပနဲ့ အာရှနိုင်ငံတွေထိပို့နေ တယ်။
ရောင်းတဲ့ဈေးအကြောင်းပြောရင်း အမေရိကန်ဓာတ်ငွေ့ဈေးနှုန်း အကြောင်းနည်းနည်း ပြောပါ့မယ်။ အမေရိကန်ရဲ့ ဓာတ်ငွေ့ဈေးနှုန်းတွေကို နှစ်အလိုက် နောက်ပြန် လေ့လာတဲ့အခါ အောက်ပါအတိုင်း အလွန်အမင်း မတည်မငြိမ်ဖြစ်ခဲ့တာကို တွေ့ရ တယ်။
ဓာတ်ငွေ့ဈေး၊ ရေနံဈေးဆိုတာ ဖြည်းဖြည်းချင်းကျ၊ ဖြည်းဖြည်းချင်းတက်တဲ့ သဘော ရှိပေမယ့် နောက်ပိုင်းမှာ ဒီလိုမဟုတ်တော့တာ တွေ့ရပါတယ်။ အတက်အကျ သိပ်ကြမ်းတယ်။ ဒါကိုကြည့်ရင် နှစ်မျိုးပဲ အဖြေထွက်တယ်။ တစ်မျိုးက ဝယ်လိုအား၊ ရောင်းလိုအား ပြောင်းလဲလို့ဖြစ်မယ်။ နောက်တစ်မျိုးကတော့ ထုတ်ရောင်းတဲ့နိုင်ငံ တွေက သူတို့မှာရှိတဲ့ နည်းပညာကိုသုံးပြီး ပေါ်လစီတစ်ခုခုနဲ့ ကမ္ဘာ့ဓာတ်ငွေ့ဈေးကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ကျော်တုန်းက အရှေ့အလယ်ပိုင်းနိုင်ငံတွေက အကျပ်ကိုင်ခဲ့လို့ အမေရိကန်နဲ့ ဂျပန်စတဲ့နိုင်ငံအချို့ မျက်ဖြူဆိုက်ခဲ့ရတာကို ယနေ့ထိ စွဲစွဲမြဲမြဲမှတ်မိနေပါတယ်။ အဲ့ဒီအရှေ့အလယ်ပိုင်းက ရေနံနဲ့သဘာဝ ဓာတ်ငွေ့ထွက်တဲ့ နိုင်ငံတွေထဲမှာ အနောက် အုပ်စုရဲ့ သြဇာမခံတဲ့ နိုင်ငံမျိုးတွေနဲ့ ရုရှားလိုနိုင်ငံမျိုးတွေကို စီးပွားရေးအရ တိုက်ခိုက်ချင်ပြီ ဆိုရင် အမေရိကန်ဟာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို အတိုး အလျှော့ လုပ်ပြီး စီးပွားရေးစစ်ပွဲဆင်နွှဲတတ်တယ်။ ရေနံနဲ့ဓာတ်ငွေ့ကြွယ်ဝတဲ့ အရှေ့ အလယ်ပိုင်းနိုင်ငံတချို့ကို စစ်ပွဲတွေဖန်တီးတတ်တယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်ထဲမှာပဲ ကမ္ဘာ့သဘာဝဓာတ်ငွေ့အချမ်းသာဆုံး နံပါတ် (၁၃) (၂၀၁၆ ခုနှစ်)မှာရှိနေတဲ့ အီရတ်ကို ဒီလိုပဲ အကြောင်းရှာပြီး စစ်ပွဲ ဆင်နွှဲခဲ့တယ်။ အခုတစ်ခါ အီရန်ကို အကြောင်း ရှာနေပြန်ပါပြီ။ အီရန်ဟာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု နံပါတ်စဉ် (၂) (၂၀၁၆ ခုနှစ်) နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ယူကရိန်းပိုင်နက်ထဲက ခရိုင်းမီးယားကို ရုရှား ကဝင်တိုက်တဲ့အတွက် အနောက်အုပ်စုက အရေးယူပိတ်ဆို့ရေးလုပ်ဖို့ ကြိုးစားတာ သိပ်အဆင်မပြေတော့ ရုရှားနိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပို့ကုန်ကို ဈေးပြုတ်ကျပြီး ကမောက်ကမဖြစ်အောင်၊ ရုရှားစီးပွားရေးပြိုလဲအောင် အမေရိကန် နိုင်ငံဟာ Shale ထဲမှာ အောင်းနေတဲ့ သဘာဝဓာတ်ငွေ့ကို ပိုထုတ်ပြီး LNG အမြောက်အမြား တင်ပို့လာတယ်။ ဒီလိုတိုးထုတ်တာကြောင့် တစ်ကမ္ဘာလုံးမှာ ဓာတ်ငွေ့နဲ့ LNG ဈေးတွေကျကုန်တယ်။ ဒီလိုတင်ပို့လို့ ၂၀၁၆ ခုနှစ် တစ်နှစ်တည်း မှာပဲ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃ ဘီလျံ အမေရိကန်ဝင်ငွေရသွားတယ်။
ဆက်လက်ဖော်ပြပါမည်။