လူငယ်နှင့် စာပေအနုပညာပြပွဲ
နိုင်ငံတစ်နိုင်ငံ၏လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှု မည်မျှရှိသည်ကို သိလိုလျှင်၊ ထိုနိုင်ငံသူ၊ နိုင်ငံသားများ စာဖတ်မှု စွမ်းရည်ဘယ် လောက်ရှိသလဲ၊ လူဦးရေမည်မျှစာဖတ် ကြသလဲ၊ မည်သို့သောစာအမျိုးအစားများ ကိုဖတ်ရှု ကြသလဲ စသည့်အနေအထားကိုကြည့်၍ ဆုံးဖြတ် ကာသိရှိနိုင်သည်ဟု ဆိုပေ၏။ ဤသည်ကိုကြည့်လျှင် စာဖတ်ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အဘယ်မျှအရေးကြီးသည်ကိုသိသင့်ကြပေသည်။
ယခုလာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ သည် မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထား အပ်သည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ် ရေးနေ့” ဖြစ်၏။ (၇၅) နှစ်မြောက် စိန်ရတု ကာလသို့တိုင်ခဲ့ပေပြီ။ သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် အတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်း စာအုပ်များကိုရှာ ဖွေဖတ်ရှုကြမှသာလျှင် ယနေ့ လူငယ်လူရွယ်တို့သိရှိနိုင်ကြပေမည်။ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့အောင်စောင့်ရှောက်ထိန်းသိမ်းခဲ့ ကြမှုသမိုင်းကိုလည်းလေ့လာ ကြရမည်။ ရှေးဘိုးဘေးမိဘတို့ လက်လှမ်းမီသမျှပြောပြသောလွတ်လပ်ရေး တိုက်ပွဲများအကြောင်းကို နားစိုက်ထောင်ရုံသာမက မိမိတို့လူငယ်ထုကိုယ်တိုင် စာအုပ်စာပေရှာဖွေ ဖတ်ရှုခြင်းကိုလည်း မလွဲမသွေလုပ်ဆောင်ကြရပေ မည်ဖြစ်၏။ “စာမတတ်၊ စာမဖတ်လျှင်အကန်းနှင့် တူသည်”ဆိုစကား အလေးထားရင်း ပညာသင်ယူ ဆည်းပူးပြီး Hi-Tech နည်းပညာသစ်များကို အသုံးပြု၍ စာပေ၊ အနုပညာတို့ကိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ကြရပေမည်။
Art ဆိုသော အနုပညာနယ်ပယ်သည်လွန်စွာကျယ်ပြန့်ပေ၏။ မိမိ၏ခံစားချက်စိတ်ကူး စိတ်သန်း တို့ကိုပုံဖော်ရာ၊ ရေးသားရာစာပေ၊ ရေးဆွဲရာပန်းချီ၊ ဖော်ပြရာအမူအရာ Performance Arts. အစရှိ သည်ရှိပေရာ မြန်မာမှုနယ်ပယ်တွင် ပဲ၊ တိမ်၊ တင်း၊တော့၊ ရန်၊ ပု၊ မော့၊ ပွတ်၊ ချီ၊ ယွန်းဆိုသည့် ဘုရား မတင်၊ နတ်မဝင် လူတွင်ပန်းဆယ်မျိုးဆိုသည့် ဟိုရှေး ယခင်ကတည်းကရှိခဲ့ပေသည်။ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း(တင်း)၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်း တမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း အစစတို့၏အနုပညာလက်ရာမြောက်မှုများကို မြန်မာနိုင်ငံ၏ ရှေးဟောင်းဘုရား စေတီပုထိုးများတည်ရှိရာနေရာ အနှံ့၌တွေ့ရပေ၏။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage) ပုဂံနယ်မြေတွင်အများဆုံး တွေ့ရှိနိုင်ပေ၏။ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုလက်ရာ များကိုလေ့လာ၍ မကုန်နိုင်ဖွယ်ဖြစ်နေခြင်း၊ နံရံ ဆေးရေးပန်းချီစသည့် ရှေးခေတ်အနုပညာရပ်များ ကို နှောင်းလူတို့မှတစ်ဆင့် ယနေ့ခေတ်လူငယ် မျိုးဆက် သစ်များသို့ လက်ဆင့်ကမ်းအမွေအဖြစ် စောင့်ထိန်းသင့် စေခြင်းတို့သည် မြန်မာ့ချစ်စဖွယ်ဓလေ့ပင်။ မြန်မာတို့ ရဲ့အမျိုးသားရေးတာဝန်အဖြစ်မမေ့အပ်သောရိုးရာ အမွေအနှစ် ဒြပ်ရှိ၊ ဒြပ်မဲ့များကို “ကမ္ဘာတည်သရွေ့ မြန်မာဟေ့” ဟုဆိုနိုင်ရန်ဖြစ်ကြောင်း အထူးဆိုဖွယ် မရှိပေ။ လူငယ်များ၏စိတ်ဝယ်နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်ကိန်းဝပ်နေစေရေးနှင့် အိုင်တီနည်း ပညာခေတ်တွင် ခေတ်နောက်မကျဘဲ နည်းပညာ အသစ်အဆန်းများကို တီထွင်ဖန်တီးစေမည်။ ထိုမှ ဆက်၍ လူငယ်ထုအနုပညာဘာသာရပ်ကို ရိုးရာ ယဉ်ကျေးမှုမပျက် ဆက်လက်ဖန်တီးနိုင်ရန်၊ ကမ္ဘာ့ အလယ်ဝင့်ထည်နိုင်စေရန် ကြိုးစားကြရပေမည်။
သို့ဖြစ်ရာ ယခုလို (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံတော်အစိုးရမှကျင်းပ ပေးသော “လူငယ်နှင့်စာပေအနုပညာပြပွဲ” ကို သွားရောက်ကြည့်ရှုလေ့လာရင်းဖြင့် အသိပညာ ဗဟုသုတ၊ အတတ်ပညာ(လက်မှု/စက်မှုဆိုင်ရာအသိ များ) ဆပွားတိုး၍လာနိုင်ပေသည်။
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကာယ ဗလအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှလည်း ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲအသီးသီးကျင်းပပြုလုပ် လေ့ကျင့်စေခဲ့၏။ ဉာဏ်ပညာ၊ အသိပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ “လူငယ်စကားဝိုင်း” ကိုကျင်းပပြုလုပ်လျက် လူငယ် တို့ကိုယ်တိုင်ပါဝင်ဆွေးနွေးစေ၏။ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် စာရိတ္တမြှင့်တင်ရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ် နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာဖတ်ခြင်းစသော အကြောင်းအရာမျိုးစုံ ကိုမြို့နယ်၊ နေရာဒေသအသီးသီး၊ စာသင်ကျောင်းများ၊ လူထုအခြေပြုဗဟိုဌာန Community Center တို့တွင် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့် Online Games အစရှိသော ဂိမ်းဆော့လွန်ခြင်းအန္တရာယ်(ကောင်းကျိုး၊ ဆိုးပြစ်)၊ လူငယ်နှင့်နိုင်ငံရေးဆိုင်ရာ အသိအမြင် စသောခေါင်းစဉ်များဖြင့် ထည့်သွင်းဆွေးနွေးနိုင် မည်ဆိုပါက ပို၍ကောင်းမွန်မည်ထင်မြင်မိပါ၏။ ဒီမိုကရေစီခေတ်တွင် လူငယ်ထုသည် အသက် ၁၈ နှစ်ပြည့်ပါက မဲပေးခြင်းပြုလုပ်ရမည်ဖြစ်ရာ ဆန္ဒမဲ ပေးပုံစနစ်၊ နိုင်ငံရေးအတွက် အထွေထွေရွေးကောက်ပွဲ အရေးပါပုံ၊ နိုင်ငံခေါင်းဆောင်ရွေးချယ်မှုအနေအထား များကို လူငယ်အများ အချိန်စောစွာသိရှိထားပါမူ ပိုမိုကောင်းမွန်မည်ဟု ယူဆမိပါ သည်။
အနုပညာဆိုင်ရာနယ်ပယ်တွင်ကျင်လည်ကျက်စား ကြရာ၌ စာပေအနုပညာ၊ တေးဂီတ၊ ရုပ်ရှင်သဘင်၊ ဗီဒီယို ရုပ်မြင်သံကြားဇာတ်လမ်း စသည်အသီးသီးရှိ ကြပေရာ အချို့လူငယ်များသည်နိုင်ငံတကာ Short Films Competition များတွင် ဆုများ ရရှိကြသည်ကိုတွေ့မြင်နေရ၏။ International platform တစ်ခုရရှိခြင်းပင်။ မိမိနိုင်ငံအတွင်း ဖွင့်လှစ်ထား သော အနုပညာဘာသာရပ်ဆိုင်ရာသင်တန်းကျောင်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် အသီးသီး၌လည်း လူငယ်များသင်ယူဆည်းပူးလျက် ရှိကြပေ၏။ နိုင်ငံတကာအဆင့်ရုပ်ရှင်အနုပညာ ဘာသာရပ်ခွဲဆိုင်ရာသင်တန်းများ၌ မြန်မာလူငယ် အများစုသွား၍တက်ရောက်သင်ယူနေကြသည်ကို သိရပေရာ မြန်မာ့အနုပညာရှေ့ခရီး အတွက် လွန်စွာနှစ်ထောင်းအားရရှိလှပေ၏။ စာပေဆိုင် ရာ၌ လည်း မြန်မာ့စာပေကမ္ဘာတစ်ဝန်းပျံ့နှံ့စေရန် အခြားနိုင်ငံရပ်ခြား ဘာသာများဖြင့် ထုတ်ဝေခဲ့သည့် မြန်မာစာရေးဆရာ၊ ဆရာမတို့၏စာအုပ်များ များစွာရှိလာပြီဖြစ်သည်။
စာမျိုးစုံကို ယခုမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) နေပြည်တော်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်တို့တွင် ကျင်းပလျက်ရှိ သည့် “လူငယ်နှင့်စာပေအနုပညာပြပွဲ” တွင် တွေ့မြင် ဖတ်ရှုမှုပြုနိုင်ကြမည်ဖြစ်သည်။
အဆိုပါ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ် နှင့် စာပေ အနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ် များအနေဖြင့် စာအုပ် စာစောင်များကို တန်ဖိုးထား ဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုး ကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား စေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှု များကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး ကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာ ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေး လက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုး ထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်း ပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြပွဲကို ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ် ပြသ ထားပြီးစာအုပ်၊စာစောင်ပြခန်းများနှင့်စာအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ်သော မြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို စိတ်ပါ ဝင်စားဖွယ်ဖြစ် အောင် ခင်းကျင်းပြသဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်း သူများ နှင့် စိတ်ပါဝင် စားသူ ပြည်သူများအနေဖြင့် သွားရောက်လေ့လာနိုင်ပါသည်။
လူငယ်ဘဝမှာသင်ယူလေ့လာရင်းဖြင့် မိမိတို့၏ ရဲဝံ့စိတ်၊ စွန့်စားလိုစိတ်၊ တီထွင် ဖန်တီး လိုစိတ်တို့ကို အသိဉာဏ်ပညာဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်၊ ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်ကြိုးစားသင့်ကြပေသည်။
အတ္တဟိတ၊ ပရဟိတစိတ်ကိုလည်း မျှတစွာမွေးမြူ၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့လူ့ဘောင် လောက သာယာလှပစေရပေမည်။ အနုပညာ ဖန်တီးမှုအတတ်ပညာ၊ အနုပညာချစ်မြတ်နိုးစိတ် အခြေခံရှိမှုကလည်း အရေးပါလှပေသည်။ အနုပညာ တစ် ရပ်ရပ်အပေါ် ခုံမင်စိတ်တို့ကလည်း လောဘ အလောဘ၊ ဒေါသ အဒေါသ၊ မောဟ အမောဟ တရားတို့ကို နှလုံးသွင်းမှန်စေမည်ဖြစ်ပေ၏။ စာဖတ်သည်ဆိုရာဝယ် ပြည်တွင်း ပြည်ပစာပေများကို မိမိနှစ် သက်ရာကဏ္ဍအလိုက် ရှာဖွေ ဖတ်ရှု နိုင်လျှင် ပိုကောင်း ပေ၏။ နိုင်ငံတကာစာပေဆိုရာ၌ အမိမြန်မာနိုင်ငံသူ၊ နိုင်ငံသား လူငယ်တို့ အရင်းနှီးဆုံး အင်္ဂလိပ်စာအုပ်များဖတ်ရှုရာ၌ ဆိုင်ရာဝေါဟာရ အဘိဓာန် Dictionary အသုံးပြု၍ ဖတ်ရလွယ်ကူစေသည်။
အခြားဘာသာစကား Language များဖြင့်ရေးထား သည်များကိုဖတ်နိုင်ပါက ပို၍မူရင်း အရသာကိုခံစား ရမိပေမည်။ နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL/MUFL)တို့တွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသား၊ကျောင်းသူတို့ အတွက်ပိုမို၍ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်သော အခွင့်အလမ်းတစ်ရပ်ရှိပေသည်။
သို့ဖြစ်၍ ယနေ့ လူငယ်လူရွယ်အများစုမိမိတို့ လက်ကိုင်ဖုန်းများကို ဂိမ်းကစားရာ၌သာ အသုံးမချဘဲ ကမ္ဘာအနှံ့ရှာဖွေဆည်းပူးပညာသင်ယူနိုင်၊ ဗဟုသုတ ရှာမှီးနိုင်သည့် ဝက်ဘ်ဆိုဒ် World Wide Web (WWW. ) ကို အကျိုးဖြစ်စေရန်အတွက် အသုံးပြု သင့်ကြပေသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆို သည့်အတိုင်း မိမိလက်လှမ်းမီရာစာပေများကို ရွေးချယ်ဖတ်ရှုခြင်းဖြင့် မိမိအနာဂတ် မိမိလှပစွာပုံဖော်နိုင်ကြသူများ ဖြစ်နိုင်ကြပါစေ။ နောင်တစ်ခေတ် ၏ တိုင်းပြည်ခေါင်းဆောင်ကောင်းများဖြစ်စေရန် ကြိုးပမ်းနိုင်ကြပါစေဟု ဆန္ဒပြုမိပါ၏။ မကြာသေးမီက “ကောင်းဆုသာစာပေ” ထုတ် “ဆရာညီညီဈာန်”ရဲ့ “လူငယ်နှင့် ဘဝလက်ဆောင်” စာအုပ်မှ စာစုလေးကို မျှဝေရင်း ဤဆောင်းပါးကို ရေးသားတင် ပြလျက် “လူငယ်နှင့် စာပေအနုပညာပြပွဲ” ကို ဂုဏ်ပြုကြို ဆိုလိုက်ပါသည်။ ။
“ဘဝမှာ ကြိုးစား ရှင်သန်ပါ ဘယ်အခက်အခဲမဆို ရအောင်ဖြတ်သန်းပါ မအောင်မြင် ခင်စပ်ကြား သူတစ်ပါးရဲ့ဝေဖန်သံတွေကို နားမယောင်ပါနဲ့ တစ်နေ့ သင် အောင်မြင် လာတဲ့အခါ သူတို့တွေသင့်ကို အလိုလို မှီခိုလာပါလိမ့်မယ်”