အမိနိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုရသည့်အမျိုးသမီးအရာရှိကောင်းများဖြစ်ရေး

အမိနိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုရသည့်အမျိုးသမီးအရာရှိကောင်းများဖြစ်ရေး

မြန်မာနိုင်ငံသည်  တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော် စုစည်းနေထိုင်သည့်နိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူသော အဝန်းအဝိုင်းတွင် လူသားတို့ နေထိုင်ခဲ့ကြသည်မှာ လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀ ကျော်ကတည်းကဖြစ်ပေရာ နိုင်ငံ၏သက်တမ်းမှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူနိုင်ကြသည်။

တိုင်းရင်းသားလူမျိုးများမှာ သတ်မှတ်သည့် အမည်များ   မည်သို့ပင်ကွဲပြားကြသော်လည်း အသွင်သဏ္ဌာန်နှင့် အနှစ်သာရမှာ ကွဲပြားမှုမရှိလှပေ။  ကိုလိုနီခေတ်ဟူသော ခေတ်ဆိုးတစ်ခုကိုသာ ဖြတ်ကျော်ခံရခြင်း မရှိခဲ့လျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟူသော  ဝါကျတစ်ကြောင်း ပေါ်ထွန်းလာမည် မဟုတ်သည်မှာ သေချာ ပါသည်။

ကိုလိုနီခေတ်တွင် နယ်ချဲ့တို့၏ အမျိုးမျိုးသွေးခွဲခဲ့မှုကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော  ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ်  သတ်မှတ်ထားရခြင်းဖြစ်သည်။ တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်   အမြဲတမ်းထိန်းသိမ်း  ကာကွယ်လျက်ရှိကြသည်။

အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံးအကျိုးစီးပွားနှင့် ဘာသာ၊  သာသနာ၊ ရိုးရာယဉ်ကျေးမှု  ဓလေ့ထုံးတမ်းအစဉ်အလာများကို  ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တပ်မတော်အနေဖြင့်    နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ   Guardian အနေဖြင့် မည်သည့်ခေတ်တွင်မဆို တည်ရှိနေမည်သာဖြစ်ပြီး အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို   ဆက်လက်ထိန်းသိမ်းနေမည်ဖြစ်သည်။ တပ်မတော်သားတို့၏  ဒို့တာဝန်  ဒို့လမ်းစဉ်တွင် ဒို့တာဝန်အရေးသုံးပါးကို  ကာကွယ်ရန် စွမ်းရည်သုံးရပ်ထက်မြက်သော တပ်မတော်ဖြစ်ရမည်။ စွမ်းရည်သုံးရပ်ထက်မြက်ရန် တပ်မတော်အား(၁၀)ပါးကို တည်ဆောက်ရမည်။   တပ်မတော်အား(၁၀)ပါးကို တည်ဆောက်ရန်  သစ္စာ(၄)ချက်ကို ဦးထိပ်ရွက်၍  စိတ်ဓာတ်နှင့်စည်းကမ်းကို အခြေခံရမည်ဟူ၍ ဖော်ပြထားသည်။

တပ်မတော်သားတိုင်းတွင် စိတ်ဓာတ်နှင့် စည်းကမ်းသည် အခြေခံဖြစ်သည်။ စိတ်ဓာတ်ကောင်းမှလည်း  စည်းကမ်းလိုက်နာမှု   ကောင်းမည်ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်သူအဖြစ် ရပ်တည်နေနိုင်ရေးအတွက် စွမ်းရည်သုံးရပ်ပြည့်စုံနေရမည် ဖြစ်သည်။ ထိုသို့ပြည့်စုံနေရန်အတွက် လေ့ကျင့်ရေးသည်အဓိကဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်းကောင်း၊ တပ်မတော်တစ်ရပ်   အနေဖြင့်လည်းကောင်းခေတ်နှင့်အညီ ခေတ်မီတိုးတက်အောင်ကြိုးပမ်းလျက်ရှိရာတွင် အမျိုးသားများ သာမက အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း အလေးထားဆောင်ရွက်နေကြပြီ ဖြစ်သည်။ အမျိုးသမီးများနှင့်ပတ်သက်၍  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၀ တွင် အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကိုခံစားခွင့်ရှိသည်ဟူ၍ ပြဋ္ဌာန်းပေးထားသည်။ ထို့ပြင် ပုဒ်မ-၃၆၈ တွင် ]]နိုင်ငံတော်သည် ပညာရည်ထူးချွန်သော  နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊   အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏   အရည်အချင်းအလိုက်ချီးမြှောက်ထောက်ပံ့မည်ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့်  ပညာရည်ထူးချွန်သောဘွဲ့ရအမျိုးသမီးများကို သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ခွင့်ပြုကာ  တပ်မတော်တွင် စစ်မှုထမ်းစေလျက်ရှိသည်။  တပ်မတော် တွင်အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ  ပါဝင်ထမ်းဆောင်နိုင်ရေးကို ရှေးရှုလုပ်ဆောင်လျက် ရှိသည်။ အမျိုးသမီးစစ်မှုထမ်းများကို လေ့ကျင့်မွေးထုတ်နိုင်ရန်အတွက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်  စတင်ဖွင့်လှစ်ခဲ့သည်။ ဘွဲ့ရအမျိုးသမီး   ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁)ကို သင်တန်းသူဗိုလ်လောင်း ၁၀၀ ဦးဖြင့် ၃-၃-၂၀၁၄ ရက်မှ  ၂၈-၈-၂၀၁၄ ရက်အထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။ ပထမဆုံးသော ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအဖြစ် မိဘပြည်သူနှင့်တပ်မတော်က ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။

ယခုအခါ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိရာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)သို့ပင်   ရောက်ရှိနေပြီ ဖြစ်သည်။ ထောင်သောင်းများစွာသော အမျိုးသမီးများထဲမှ ရွေးယူမှုအဆင့်ဆင့်  ဖြတ်ကျော်ပြီး   ဗိုလ်သင်တန်းသို့ တက်ရောက်နိုင်ကြခြင်းဖြစ်သည်။   အလျဉ်းသင့်၍ ဗိုလ်လောင်းရွေးချယ်မှုကို  ဖော်ပြလိုပါသေးသည်။ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို) ဖြစ်ရမည်။ အနည်းဆုံးအရပ်  ၅ ပေ ၃ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၀၀ နှင့် ၁၃၀ ကြားရှိရမည်။  မျက်မှန်တပ်ဆင်ထားသူများမဖြစ်ရပါ။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရပါမည်။  မည်သည့်ဘွဲ့မဆိုလျှောက်ထားနိုင်သည်။    မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူ ဦးစားပေးမည်ဖြစ်သည်။ မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ပေသည်။

အထက်ပါအချက်များနှင့်ပြည့်စုံပါက  သက်ဆိုင်ရာဌာနအသီးသီးမှ  အဆင့်ဆင့်  ရွေးချယ်စိစစ် အတည်ပြုပြီးသော ဗိုလ်လောင်းများကို တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း  (မှော်ဘီ)သို့ သတင်းပို့စေပြီးနောက်  ကျန်းမာရေးအဆင့်မီကာ ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာ   ကျန်းမာကြံ့ခိုင်သူများကိုသာ ဗိုလ်လောင်းအဖြစ် လက်ခံလေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။ လွယ်လွယ်ကူကူနှင့် အမျိုးသမီးတိုင်း မတက်နိုင်သော သင်တန်းဖြစ်သည်။ ဗိုလ်လောင်းများသည် အရပ်ဘက် တက္ကသိုလ်အသီးသီးမှ  မဟာဘွဲ့ရပြီးသူများ၊  မဟာဘွဲ့အဆင့်မီသူများ၊  မဟာတက်ရောက်ဆဲနှင့် ရိုးရိုးဘွဲ့ရရှိထားသူများ ဖြစ်သည့်အတွက် စစ်ပညာများကိုသာ ဦးစားပေးသင်ကြားပို့ချပေးပါသည်။ ကြံ့ခိုင်ရေးဘာသာရပ်၊  စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်သင်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်  အစရှိသည်တို့ကို သင်ကြားပို့ချပေးသည်။ လေ့ကျင့်ရေးပိုင်းအရ အခြေခံစစ်ပညာရပ်များကို စတင်လေ့ကျင့်ပေးပြီး   ၁၂ ပတ်တာကာလ ပြီးမြောက်ပြီးနောက်   ဗိုလ်လောင်းအဆောင်အယောင်အပ်နှင်းပွဲနှင့် ကတိသစ္စာခံယူပွဲကို  ကျင်းပသည်။  ထိုမျှမကသော သင်ကြားပို့ချမှုများကို လေ့ကျင့်လိုက်နာ ကျွမ်းကျင်စွာ တတ်မြောက်ပြီးမှသာ သင်တန်းပြီးမြောက်ခြင်းဖြစ်သည်။

ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်ကြိုးစားခဲ့ကြသူများဖြစ်သည့်  သင်တန်းဆင်းအရာရှိများအနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံးဌာနများအပါအဝင် လက်ရုံးဝန်ထမ်း တပ်ဖွဲ့အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေမှာ ၅၂ ရာခိုင်နှုန်းရှိသည့်အတွက် အမျိုးသမီးများ၏စွမ်းအားကို မြှင့်တင်ဖော်ထုတ်ပေးနေခြင်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို လေ့လာကြည့်ပါက လူသားအရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးပြုလျက်ရှိရာတွင် ယောက်ျား၊ မိန်းမ  မခွဲခြားဘဲ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်အရ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနေခြင်းလည်းဖြစ်သည်။

မြန်မာအမျိုးသမီးများနှင့်ပတ်သက်၍ နိုင်ငံခြားသားမှတ်တမ်းများ၊ အနောက်တိုင်းသားများရေးသည့် မြန်မာပြည်နှင့် ပတ်သက်သော စာအုပ်စာတမ်းအသီးသီးတို့တွင် ဖော်ပြထားသည်မှာ မြန်မာအမျိုးသမီးများသည် စာတစ်စောင်၊ ပေတစ်စောင်ဖွဲ့အပ်သောသူများဖြစ်ကြောင်း၊ ထူးခြားသော အခွင့်အရေးရ၍ အခြားဖိနှိပ်ချုပ်ချယ်ခံလူမျိုးများနှင့်   ဆန့်ကျင်ဘက်ဖြစ်ပုံ၊ လွတ်လပ်ခွင့်ကို တင်းပြည့်ကျပ်ပြည့်ရရှိကြပုံ၊ မည်သည့်ကိစ္စ၌မဆို ကြီးပွားရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်လူမှုရေးတို့တွင်  ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်သူများ ဖြစ်ကြောင်းနှင့် နာမည်ကအစ အိမ်ထောင်ပြုပြီး ဖြစ်သော်လည်း အနောက်တိုင်းသူများကဲ့သို့  မစ္စစ်မည်သူမည်ဝါ စသည်ဖြင့် ပြောင်းလဲစရာလည်းမလို၊ သူတို့အမည်ရင်းနှင့်သူတို့  ကြံ့ကြံ့ခိုင်ခိုင်နေနိုင်သည် စသည်ဖြင့် ဖော်ပြထားကြသည်။

မြန်မာအမျိုးသမီးတို့သည် နိုင်ငံတော်တွင် အရေးကိစ္စကြုံလာလေတိုင်း အမျိုးသားများနှင့် ရင်ပေါင်တန်းလျက် တိုက်ပွဲဝင်ခဲ့သော  သမိုင်းကောင်းများရှိကြသည်။ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ဝက်ထီးကန်တိုက်ပွဲ၌ အမျိုးသမီးသုံးဦး ဦးစီးသောမြန်မာတပ်က  အင်္ဂလိပ်တို့ကို ရဲဝံ့စွာတိုက်ခိုက်ခဲ့ကြောင်း  စနော့ဂရပ်က မှတ်တမ်းတင်ထားသည်။ ဖက်ဆစ်တော်လှန်ရေး ကာလတွင်လည်း လေထီးရဲမေများပါဝင်ခဲ့ကြောင်း လေ့လာသိရှိရသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင်လည်း အမျိုးသမီးသခင်မကြီးများ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြသည်။ မြန်မာအမျိုးသမီးတို့၏ သမိုင်းကြောင်းတွင် သူရမချစ်ပို၏အမည်သည်လည်း လွန်စွာ ထင်ရှားလှပေသည်။

မြန်မာအမျိုးသမီးတို့၏  မျိုးချစ်စိတ်ဓာတ်၊ မျိုးနွယ်ကိုစောင့်ထိန်းသောစိတ်ဓာတ်၊ တိုင်းပြည်နှင့်လူမျိုးကို တန်ဖိုးထားသော စိတ်ဓာတ်များကို မျိုးဆက်သစ်မြန်မာအမျိုးသမီးများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။ ထိုသို့ထိန်းသိမ်းလိုသောစိတ်ဖြင့် တပ်မတော်တွင် ဝင်ရောက်အမှုထမ်းကြသော မြန်မာအမျိုးသမီးများမှာ  လေးစားဖွယ်ကောင်းလှသည်။ မိဘများ၏ကောင်းမွန်သော အုပ်ထိန်းစောင့်ရှောက်မှု အောက်တွင် ဘွဲ့များရရှိအောင်   ထိုက်ထိုက်တန်တန်  ကြိုးစားခဲ့သူများသည်  ကြိုးစားမှုရလဒ်အဖြစ်  ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းများတွင် တက်ရောက်ခွင့်ရခဲ့ကြပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြပြီဖြစ်သည်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်ကာ နိုင်ငံတော်တာဝန်ကို  ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်လျက် ရှိကြသည်။ ယခုအခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)မှဗိုလ်လောင်းများသည်  ပြန်တမ်းဝင်အရာရှိများအဖြစ် ခေါင်းဆောင်မှုတာဝန်များကို ထမ်းဆောင် ကြရတော့မည် ဖြစ်ပါသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ  ဟူသည့်ဆောင်ပုဒ်အတိုင်း သင်တန်းကျောင်းများမှ   လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင်  မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချနိုင်ကြရမည်ဖြစ်သည်။   ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့်  စစ်အသုံးအဆောင်နှင့်စစ်အတတ်ပညာများကို အသုံးချနိုင်ရေးအတွက် လေ့လာခြင်း၊  ကျန်းမာကြံ့ခိုင်ကျွမ်းကျင်နေရန်လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသ ဘောတရားနှင့် စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကြရန် လိုအပ်လှပေသည်။   အနှစ်ချုပ်ဆိုရသော် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)မှ သင်တန်းဆင်း များသည် နိုင်ငံတော်နှင့်တပ်မတော်က  အားကိုးအားထားပြုရသည့်   အမျိုးသမီး အရာရှိကောင်းများ ဖြစ်အောင် မိမိကိုယ်မိမိ ဆက်လက်ပြုစု ပျိုးထောင်လေ့ကျင့်သွားကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။