တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
နေပြည်တော်၊ ဒီဇင်ဘာ - ၂၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၇၄ ဦး၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုတို့၌ ဒေသခံပြည်သူ ၅၉၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၅၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ကျောင်းသား၊ ကျောင်းသူ ၄၄ ဦးကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။