နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၈
မြန်မာဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘောလုံး အားကစားသမားကောင်း များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အား ဒီဇင်ဘာ ၃၀ ရက်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ နံနက် ၇ နာရီခွဲတွင် တတိယ လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်း၊ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ ဘောလုံး အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။