(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားကို ပြည်ထဲရေး ဝန်ကြီးဌာန အသင်းကရရှိ
နေပြည်တော် ဒီဇင်ဘာ ၂၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မား လာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ပိုက်ကျော်ခြင်းအားကစားသမားကောင်း များစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။
အဆိုပါပွဲစဉ်များသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားဝါသနာ ရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုဆုငွေကျပ် ၁၀သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၀နှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၂၇ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။