နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၉

    အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီမှစတင်၍  နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်နှင့်   ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း^အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ   လာရောက် ကြည့်ရှုအားပေးကြသည်။

ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၇ ဂိုး ၃ ဂိုးဖြင့် လည်း ကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုဆုငွေကျပ်ငါးသိန်းကို လည်းကောင်း၊ တတိယဆုရရှိသော လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းကို အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်း ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ် ၁၀သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အသင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တစ်ဦးချင်း ဆုဆွဲပြားနှင့် ဂုဏ်ပြုဆု ငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ပထမဆု ရရှိသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို   အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံက  တစ်ဦးချင်းဆုဆွဲပြား၊  ဂုဏ်ပြုဆု ငွေကျပ်သိန်း ၂၀ နှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို   ဒီဇင်ဘာ၂၀ ရက်မှ ၂၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌  ဝန်ကြီးဌာနအသီးသီးမှ  ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၂ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။