နုစိမ်းစိုစို ပန်းခွာညိုတို့နှင့်အပြိုင်ပွင့်လန်းလာမည့် ပြည်ချစ်ပန်းကလေးများ

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုဆောင်းပါး

နုစိမ်းစိုစို ပန်းခွာညိုတို့နှင့်အပြိုင်ပွင့်လန်းလာမည့် ပြည်ချစ်ပန်းကလေးများ

မြန်မာစာပေတွင် ဆယ့်နှစ်လရာသီကို လအလိုက်ဖွဲ့ဆိုထားသည့်  စာပေများများပြားလှသည်။ ယခုလသည် ပြာသိုဖြစ်သည့်အတွက် ပြာသိုလနှင့်ပတ်သက်၍ဖိုးသူတော်ဦးမင်းက “ငွေသော်တာစန္ဒနှင့်၊ ဖုသျှတဲ့လမ်းဆုံ။ တိမ်လွှာမှာရောင်ဝါကျင်းလို့၊  ထိန်ဝင်းတူပြိုင်ပ၊  မြန်းကြွခိုက်ကြုံ။ တစ်သိန်ဂုဏ်၊ မြိုင်စုံမြနန်း။ နုစိမ်းစိုစိုနှင့် ပန်းခွာညိုငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း” ဟူ၍ ဖွဲ့ဆိုထားသည်။  ပြာသိုလတွင် ခွာညိုပန်းများ ပွင့်လန်းလာသည်။ ရာသီကအေးမြသည့်အတွက် သာယာလှပသည်။  ပြာသိုလသည် မကရ ရာသီဖြစ်ပြီး ရာသီပွဲအနေဖြင့် မြင်းခင်းပွဲဖြစ်သည်။

ဆောင်းနှင်းပွင့်တို့နှင့်အတူ နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်များ ပေါ်ထွန်းလာ လေပြီ။  ဆေးစစ်သည်များဟု ချစ်စရာရည်ညွှန်းလိုက်သော်လည်း တိတိကျကျဖော်ပြရလျှင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သင်တန်းဆင်းမည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၇)သင်တန်းသားများ ဖြစ်ကြသည်။ သင်တန်းကာလတွင် တက္ကသိုလ်က သင်ကြားပို့ချလိုက်သည့် ပညာရပ်များ ကို  ကျွမ်းကျင်ပိုင်နိုင်စွာ ဖြည့်ထားပြီးဖြစ်သဖြင့်   မိမိတို့နှင့်သင့်လျော်ရာ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကို အကြွင်းမဲ့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်ကို အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်တစ်ရပ်အဖြစ်  ရည်မှန်းချက်ထားရှိ  ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော  ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးသည်လည်း ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန်ဟူသော ဆောင်ပုဒ်နှင့်အညီ နှစ်စဉ်ဆေးစစ်သည်များကို မွေးထုတ်ပေးလျက်ရှိသည်။ တပ်မတော်ဆေးတက္ကသိုလ်မှ ဗိုလ်လောင်းများကို သမားဇာနည် အောင်စစ်သည်များအဖြစ် မွေးထုတ်ပေးနေသကဲ့သို့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းသားများ ကိုလည်း ကျွမ်းကျင်ကူညီ ဆေးစစ်သည်များအဖြစ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။

တပ်မတော်သားတို့သည် နေပူ၊ မိုးရွာမရှောင်၊ တောအထပ်ထပ်၊ တောင်အသွယ်သွယ်ကို ဖြတ်ကျော်၍ စစ်ဆင်ရေး တာဝန်ထမ်း ဆောင်နေကြရသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို တိုက်ခိုက်နေကြရသည်။  ပင်ပန်း ဆင်းရဲကြသည်။ အခွင့်အခါမသင့်လျှင် ဒဏ်ရာအနာတရ ဖြစ်ကြရသည်။ ရာသီဥတုလွန်စွာ ဆိုးရွားလွန်းသောကြောင့်   အနာရောဂါများ ဖြစ်ပွားတတ်သည်။ ဤသည်များကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သည်မှာ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်အထိ ဆေးအကာအကွယ်ပေးနေကြသူများမို့ သူတို့သည်လည်း ခြေလျင်၊ ခြေမြန်စစ်သည်တော် များနှင့်အတူ အပင်ပန်း အဆင်းရဲခံနိုင်ကြသည်။

ရဲဘော်သုံးကျိပ်ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး    မြန်မာနိုင်ငံအတွင်းသို့စစ်ကြောင်းများခွဲကာ ပြန်လည်ဝင်ရောက်ခဲ့ရာတွင် ထူးခြားသောအချက်တစ်ချက်မှာ စစ်ကြီးမဖြစ်ခင်ကပင်  ရှိထားခဲ့သော သူနာပြုတပ်ဖွဲ့မှာ ထားဝယ်စစ်ကြောင်း နှင့်အတူ ပထမဆုံး ပါဝင်လာခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ် တော်လှန်ရေးကာလတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော သူနာပြုများလည်း များစွာရှိခဲ့သည်။ ထိုအထဲမှ ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည်လည်း ဂုဏ်ပြုမှတ်တမ်းတင်ထိုက်သူဖြစ်သည်။  မခင်အုန်းမြသည် ၁၉၃၈ ခုနှစ် အသက် ၁၇ နှစ်အရွယ် ကတည်းက မိုးကောင်းမြို့တွင် ကြက်ခြေနီအမျိုးသမီးတပ်ဖွဲ့ကို  ဦးဆောင်ခဲ့သည်။  ဒုတိယကမ္ဘာစစ်အတွင်းမိုးကောင်းဆေးရုံတွင် ဆရာဝန်၊ ဆရာမဝန်ထမ်းအားလုံး စစ်ပြေးဖြစ်ကြ၍ မခင်အုန်းမြနှင့် အမျိုးသမီးသူနာပြုတပ်ဖွဲ့က ဆေးရုံကို အစစအရာရာ တာဝန်ယူခဲ့သည်။  ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်တွင် ပါဝင်ထမ်းဆောင်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၄)ဆေးရုံဗိုလ်ကြီး ယုတ်ထရန် လက်အောက်တွင် လူနာရဲဘော်များအား နေ့မအား၊ ညမနားပြုစုပေးခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ပြန်တမ်းဝင်သူနာပြုအရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ အင်န် ၁၃၃ ဗိုလ်မှူး ဒေါ်ခင်အုန်းမြအား ကမ္ဘာ့သူနာပြုလောက တွင် အဆင့်အမြင့်ဆုံးဖြစ်သော  ဖလောရင့်စ်နိုက်တင်ဂေး ဆု ချီးမြှင့်ခဲ့သည်။ ဗိုလ်မှူးဒေါ်ခင်အုန်းမြကဲ့သို့ပင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ယူဖွယ်ကောင်းသူတစ်ဦးမှာ ဗိုလ်ကြီး မွန်ထော်သက်ညွန့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးစကာလ ပြည်တွင်းသောင်းကျန်းသူများ အင်းစိန်အထိ သိမ်းပိုက်ထားသော အချိန်အခါဖြစ်သည်။ ဆေးဗိုလ်ကြီး မွန်ထော်သက်ညွန့်သည် ဒိုက်ဦးမြို့အနီးဖောင်တော်သီတိုက်ပွဲတွင် သေနတ်ဆွဲ၍ တိုက်ပွဲဝင်ခဲ့ သည်။ ရန်သူအင်အား အလုံးအရင်းဖြစ်နေချိန်တွင် ရန်သူကိုရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲဝင်ရင်း ၁၉၄၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် ကျဆုံးခဲ့သည်။  နိုင်ငံတော်အစိုးရက “သူရ” ဘွဲ့အပ်နှင်းကာ ထိုက်ထိုက်တန်တန်ဂုဏ်ပြုခဲ့သည်။

ဗိုလ်မှူးဒေါ်ခင်အုန်းမြ၊ ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်တို့ကဲ့သို့ အခြားသောအရာရှိ၊ စစ်သည်များလည်း တိုင်းပြည်အတွက်  စွန့်စွန့်စားစား ဆေးကုသရင်း တိုက်ပွဲဝင်ခဲ့ကြသည်။ တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှုမှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ စွမ်းစွမ်းတမံ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများစွာကိုလည်း ဆေးတပ်ဖွဲ့   သမိုင်းတစ်လျှောက်တွင် များစွာပေါ်ပေါက်ခဲ့သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ လက်လှမ်း မမီသည့်ဒေသ၊ လက်လှမ်းမမီသည့်ကုသမှု အမျိုးအစား မရှိသလောက်ဖြစ်သည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ခြင်းမှာ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့်ကမ်းပညာအမွေများပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြည့်ဝစွာ ပေးနိုင်ရေးအတွက်လိုအပ်သည့် ဆရာဝန်၊ သူနာပြုများကို လွတ်လပ်ရေးရပြီး စကာလမှစတင်ကာ မွေးထုတ်ပေးခဲ့ကြောင်း သိရှိရသည်။ တပ်မတော်တစ်ရပ်လုံးရှိ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်သင်ကြားမှုများကို ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ်ကို ဖွင့်လှစ်ခဲ့သည်။  ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ် အမည်ဖြင့် ဆေးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်ပညာသာမက ဆေးသိပ္ပံပညာများ ကိုပါ ကျွမ်းကျင်သည့် စစ်သူနာပြုများကို မွေးထုတ်ပေးရန်ရည်ရွယ်လျက် စစ်သူနာပြုသင်တန်းတပ်ဆွယ်ကို ၁၉၅၉ ခုနှစ်၌ အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၆)အထိဖွင့်လှစ်ခဲ့သည်။

အလားတူ ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လိုအပ်သည့် ဆရာဝန်များကိုရရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်း (ဆေးမှူး)ဆရာဝန် (National Service Medical Officer) သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့သည်။  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တို့ကို အဆင့်ဆင့်ဖွင့်လှစ်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ် လူငယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ နိုင်ငံအတွက် တပ်မတော်တစ်ရပ် အစဉ်အမြဲလိုအပ်နေမည်ဖြစ်သလို တပ်မတော် အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ် လိုအပ်နေမည်ဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ဆေးဝန်ထမ်း တပ်ဖွဲ့၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများ ဖြစ်ကြသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ဆေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပါအဝင် တပ်မတော်သားများနှင့် မိသားစုဝင်များကို ကျန်းမာရေး စောင့်ရှောက်မှု ပြုကြရတော့မည်ဖြစ်သည်။ ဆေးတပ်ဖွဲ့ဝင်များသည် သာမန်အချိန်များ၌သာမက သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် အချိန်တွင်လည်းပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ကျန်းမာရေးကို အထူးအလေး ထားကုသပေးခဲ့ကြသည်။ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါ ကာကွယ်မှုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။

ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအနေဖြင့် ဆေးရုံ/ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်နည်းတူ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်တိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

တပ်မတော်အနေဖြင့် လိုအပ်သော ဆေးကုသရေးဆိုင်ရာ ယန္တရား/ပစ္စည်းများ ဖြည့်တင်းပြီး နိုင်ငံအနှံ့ ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်းများ၊ မီးဖွားခြင်းများနှင့် ပြင်ပလူနာကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆  ခုနှစ်မှ စ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးခဲ့သည်။ (၁၅)ကြိမ်မြောက်ခရီးစဉ်အဖြစ် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၂၁ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါတာ ဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ တာဝန်ဆိုသည်ထက် မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ဖြူစင်သော စိတ်နှလုံးများဖြင့် ဆေးကုသမှုပြုနေခြင်း ဖြစ်သည်။ ထိုသို့လှည့်လည်ကုသပေးမှုများကြောင့် ရောဂါဝေဒနာခံစားရမှုမှ ပျောက်ကင်းသွားသူများ၏ စကားသံများကို ကြားသိရသည်မှာလည်း ကြည်နူးဖွယ် အလွန်ကောင်းလှသည်။ အချို့သော  ကျေးလက် ဒေသနေပြည်သူများမှာ ဆေးရုံဆေးခန်းဝေးကွာခြင်း၊ သွားလာမှုမလွယ်ကူခြင်းတို့ကြောင့် မိမိတွင် ရောဂါဝေဒနာ စွဲကပ်နေမှန်း သိလျက်နှင့်ပင် ကုသရန်ခက်ခဲမှုတို့ကြောင့် အံကြိတ်ခံစားနေကြရသည်။ ယခုကဲ့သို့ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ လာရောက်ကုသပေးသည့်အတွက်၎င်းတို့မှာ မယုံကြည်နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ကြသည်။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကုသပေးမှုများကြောင့် မျက်စိမမြင်သူများ မျက်စိမြင်သွားကြသည်။ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသူများ သက်သာပျောက်ကင်းသွားကြသည်။ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့ကိုကုသပေးသဖြင့် ပျောက်ကင်းသွားကြ သည်။ အစဉ်အမြဲ လာရောက်ကုသပေးနိုင်ရန် တောင်းဆိုမှုများရှိနေသကဲ့သို့ ထိုသို့လာရောက်ကုသပေးရန် စီစဉ်ပေးသူအကြီး အကဲများ၊ ကုသပေးသူဆရာဝန်များ၊ သူနာပြုများကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း သူတို့၏ ရင်တွင်းစကားသံများကို ကြားသိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှစတင်ကာ တပ်မတော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ကြသည်။ တပ်မတော်၏ ပါဝင်ဆောင်ရွက်မှု ကြောင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာမှုကို မှန်မှန်ကန်ကန် မသိရှိကြသူများသည် မိမိတို့လုပ်ငန်းခွင်များကို စွန့်ခွာမှုများရှိခဲ့သည်။

အထူးသဖြင့် ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုလိုအပ်ချက်များကိုလည်း တပ်မတော်ကပင် ဖြည့်ဆည်း ဆောင်ရွက် ကုသပေးခဲ့ရသည်။ ယခုအခါ တပ်မတော်သားတို့၏ မေတ္တာ၊ စေတနာနှင့် လက်တွေ့လုပ်ဆောင်ချက်များမှာ ပြည်သူ့ကောင်းကျိုး သယ်ပိုးနေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတို့၏ စကားသံများက သက်သေပြလျက်ရှိသည်။

အနှစ်ချုပ်ဆိုရသော် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းများအနေဖြင့် တပ်မတော်သားကောင်းပီသစွာ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ကိုယ်တိုင် ပါဝင်ကြရတော့မည်ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးရသူများအဖြစ် တတ်ကျွမ်းသည့်ပညာဖြင့် ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ အေးမြသော ဆောင်းရာသီတွင် ပွင့်ပေါ်လာသောငွေနှင်းစိုစို  ပန်းခွာညိုတို့နှင့်အပြိုင်  ပွင့်လန်းလာမည့် ပြည်သူချစ်သော ပန်းကလေးများအဖြစ် လန်းဆန်းတက်ကြွစွာ တာဝန်ထမ်းဆောင်နိုင်ကြ ပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)