နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၉
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပိုက်ကျော်ခြင်းအားကစားနည်းသည် ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ် တကူ ကစားနိုင်သည့် အားကစားနည်းဖြစ် သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု တစ်ရပ်လုံးက စိတ်ပါဝင်စားစွာ ကစားကြသည့် အားကစားနည်းတစ်ခု ဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ခဲ့သည့် အားကစားနည်းလည်း ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၂၃ ခုနှင့် ကြေးတံဆိပ် ၃၂ ခု စုစုပေါင်း ဆုတံဆိပ် ၇၅ ခု ရရှိခဲ့ပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခုရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ တန်ဖိုးနည်းဝန်ပါ သင်ကျန်းမာဖို့ ပိုက်ကျော်ခြင်း ကစားကြစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာ ရေးအတွက်ဖြစ်စေ၊ အားကစားအတွက် ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သော အားကစားနည်းလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင်လည်း ဆက်လက်ပြီး အောင်မြင်မှုများ ရရှိစေရန်အတွက် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အားကစားစွမ်းရည်များကို ဖော်ထုတ်ပြသ၍ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ် နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆို ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ပြိုင်ပွဲရုံ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။