ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၃၀
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီ နာယကဖလား လှယဉ်ကျေးမယ်နှင့်ကာယ အလှမယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တိုင်းအဆင့်/မြို့နယ်ကိုယ်စားပြု ကာယအလှမယ်များက နောက်ခံတေးဂီတနှင့် အတူ ကိုယ်ဟန်လှပ ကြော့ရှင်းမှုအား စိတ်ကြိုက် ကိုယ်ခန္ဓာ အချိုးအစားများကို လှစ်ထုတ်ပြသကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ကာယ အလှမယ်များနှင့် လှယဉ်ကျေးမယ်များမှ ၁၀ ဦးစီ ပဏာမ ရွေးချယ်ခဲ့ပြီး ၎င်းတို့အနက် ငါးဦးစီကို ရွေးချယ်ကာ အလှမယ်များက ဉာဏ်စမ်း အမေးအဖြေများကို ဖြေဆိုကြသည်။
လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် အလုံမြို့နယ် ကိုယ်စားပြု မစန္ဒီဝင်းထွဋ်က ပထမဆုနှင့် ကာယအလှမယ်ပြိုင်ပွဲတွင် လမ်းမတော်မြို့နယ် ကိုယ်စားပြု မဝင်းပပမျိုးက ပထမဆု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ လှယဉ်ကျေးမယ် ပြိုင်ပွဲတွင် အလုံမြို့နယ်ကိုယ်စားပြု ပထမ ဆုရရှိသူ မစန္ဒီဝင်းထွဋ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းက သရဖူဆုနှင့်ငွေသားဆုကို လည်းကောင်း၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်ကိုယ်စားပြု ဒုတိယဆုရရှိသူ မယဉ်ယဉ်မွန်အောင်၊ ကျောက်တံတားမြို့နယ်ကိုယ်စားပြု တတိယဆုရရှိသူ မယွန်းအိမွန်၊ ကမာရွတ်မြို့နယ် ကိုယ်စားပြု စတုတ္ထဆုရရှိသူ မရွှန်းလဲ့ရာဇာနှင့် မြောက်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပဉ္စမဆုရရှိသူ မရွှေရည်ထွန်းထွန်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ကာယအလှမယ်ပြိုင်ပွဲတွင် လမ်းမတော်မြို့နယ် ကိုယ်စားပြု ပထမဆုရရှိသူ မဝင်းပပမျိုးအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်းက သရဖူဆုနှင့်ငွေ သားဆုကို လည်းကောင်း၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်ကိုယ်စားပြု ဒုတိယဆုရရှိသူ မခင်သန္တာဦး၊ သာကေတမြို့နယ် ကိုယ်စားပြု တတိယဆုရရှိသူ မပန်းမြတ်မွန်၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ် ကိုယ်စားပြု စတုတ္ထဆုရရှိသူ မမေဘုန်းသွင်ခင်နှင့် ဒဂုံမြို့နယ်ကိုယ်စားပြု ပဉ္စမဆုရရှိသူ မနန်းမြစန္ဒာဝင်း တို့ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးကြကြောင်း သိရသည်။