နှုတ်ခမ်းအသားပပ်ခြင်းနှင့် အိမ်တွင်း ကုထုံးလေးများ
ချမ်းအေးတဲ့ ဆောင်းရာသီရောက်ရင် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိကြတယ်။ တချို့က နှုတ်ခမ်းသားတွေ ကွဲအက်နာကျင် သွေးထွက်နေတာကြောင့် အားရပါးရတောင် မပြုံးနိုင်မရယ်နိုင်ကြရှာပါဘူး။ အထူူူးသဖြင့် အောက်နှုတ်ခမ်းလွှာမှာ ခြောက်သွေ့ အဖတ်လန်နေတတ်ပြီး အရေပြားတင်းနေတာကြောင့်လည်း ခံစားမှုသက်သာစေရန်အတွက် လျှာဖြင့်ပွတ်၍ တံတွေးဆွတ်ကြတယ်။ ဒီနည်းက အင်မတန် မှားယွင်းပါတယ်။ နှုတ်ခမ်းကို တံတွေးဆွတ်လိုက်တဲ့အခါ ခဏတာမျှ သက်သောင့်သက်သာဖြစ်သွားသလို ထင်ရသော်လည်းပဲ အသက်ရှူထုတ်ရှူသွင်း လိုက်တဲ့အခါဖြစ်စေ၊ ဆောင်းလေအေးအေး တိုက်ခတ်လိုက်တဲ့အခါဖြစ်စေ နှုတ်ခမ်းသားပေါ်ကတံတွေးက ၎င်းလေဖြင့် မိတ်ဆက်ကာ အရေပြားကိုပို၍ ခြောက်သွေ့ဆိုးရွားသွားစေပါတော့တယ်။
နှုတ်ခမ်းဆိုးဆေးဓာတ် မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ထို့ကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပို၍နှုတ်ခမ်း အသားပပ်လေ့ရှိတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်စေတယ်။ ဆိုးရွားတဲ့ အခြေအနေမှာ နှုတ်ခမ်းသား ကွဲအက်သွေးထွက်သည်အထိ ဖြစ်တတ်တယ်။ သို့သော် စိတ်မပူပါနှင့်။
အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး လေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချောမွေ့စေနိုင်ပါတယ်။
-ရေပိုသောက်ပါ။ လက်ရှိသောက်နေကျရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ (ရေခဲရေမသောက်ရ)
-ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။
-ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင် B2၊ ဗီတာမင် C၊ ဗီတာမင် E၊ ငါးကြီးဆီဆေးလုံးများမှီဝဲပါ။
-သခွားသီးပါးပါးလှီး၍ကပ်ပေးပါ။
-ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊စွပ်ပြုတ်တို့ကို အအေးခံ၍သောက်ပါ။ အကယ်၍ ထိုအရည်ပူပူများကို စတီးခွက်၊ ဒန်ခွက်၊ စတီးဇွန်းတို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်။
-အသားလှဆီ သို့မဟုတ် သကြားရည်သို့မဟုတ် နှင်းဆီရည် လိမ်းနိုင်ပါတယ်။နှင်းဆီရည် (ခေါ်) rose water ကိုအလှကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
-အုန်းဆီ သို့မဟုတ် သံလွင်ဆီ သို့မဟုတ် ကြက်ဆူဆီ သို့မဟုတ် မုန်ညင်းဆီလိမ်းပေးပါ။
-ဗီတာမင်အီးအဆီ ဆေးလုံးဖောက်၍ လိမ်းပါ။ ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
-ပျားရည် သို့မဟုတ် ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။
-နွားနို့ခရင်မီလိမ်းပေးပါ။
-နေမထိပါစေနှင့်။
-လေစိမ်းတိုက်မခံပါနှင့်။
-နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ သက်တမ်းကြာဆိုးဆေးများနှင့် ကာဗွန်ဓာတ် ပါဝင်မှုများသော ဆိုးဆေး အရောင်ရင့်ရင့်တွေက ဝေဒနာကိုပိုမို ဆိုးရွားလာစေနိုင်လို့ အထူးသတိပြုပါ။
-ဝေဒနာမပျောက်ခင်မှာ၊ မဖြစ်မနေနှုတ်ခမ်းဆိုးဆေး သုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုသာ ရွေးချယ်ပေးပါ။
-နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန် လာနိုင်တဲ့အပြင် အသားစစိုက်ပြီး သွေးထွက် တတ်ပါတယ်။
-အရေပြားဆဲလ်တွေ သေခြင်းကြောင့် နှုတ်ခမ်းသားတွေ အဖတ်လန်လာရပါတယ်။ နောက်ထပ် ဆဲလ်တွေ မသေနိုင်အောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် သွားပွတ်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွပွတ်တိုက်ပေးပါ။
ဆောင်းရာသီမှာ ရှောင်စရာ နှုတ်ခမ်းနီရဲရဲပါ
ပျမ်းမျှ အမျိုးသမီး ၁၀ ဦးတွင် ကိုးဦးခန့်က နှုတ်ခမ်းဆိုးဆေး သုံးလေ့ရှိကြတယ်။ မိတ်ကပ်တို့ဖြင့် မှုန်နံ့သာ ခြယ်ကာသထားပေမယ့် နှုတ်ခမ်းဆိုးဆေး မဆိုးရသေးရင်တော့ ပြီးပြည့်စုံတဲ့ လှတစ်မျက်နှာ မဖြစ်သေးဘူးဟု အမျိုးသမီး အားလုံးနီးပါးက လက်ခံထားကြတယ်။
အရေးတကြီးကိစ္စတစ်ခုခုကြောင့် အပြင်ထွက်ရမယ် ဆိုရင်တောင် မိတ်ကပ်မပါရင် နေပါစေ။ မျက်နှာအရောင် ထွက်စေဖို့အတွက် နှုတ်ခမ်းဆိုးဆေးကိုတော့ သတိတရ သုံးလေ့ရှိကြတယ်။ နှုတ်ခမ်းဆိုးဆေးက အလှအပကို ကူညီပံ့ပိုးပေးရုံသာမက ရံဖန်ရံခါစိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျတဲ့အခါ နှုတ်ခမ်းဆိုးဆေး ရဲရဲဆိုးပြီး စိတ်ဓာတ်မြှင့်တင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိလာတယ်လို့ အမျိုးသမီး တော်တော်များများက ခံစားကြတယ်။ ဒါကြောင့် မိန်းကလေးတစ်ဦးလျှင် အနည်းဆုံး နှုတ်ခမ်းဆိုးဆေး နှစ်ဘူး သုံးဘူးထက်မနည်း ပိုင်ဆိုင်ထားကြတယ်။ တချို့မိန်းကလေးတွေကတော့ နှုတ်ခမ်းဆိုးဆေး ခရေစီဖြစ်ကြပြီး နှုတ်ခမ်းဆိုးဆေး တောင့် သို့မဟုတ် glosses သို့မဟုတ် stains စသဖြင့် ပစ္စည်းအမျိုးစုံ၊ တံဆိပ်စုံ၊ အရောင်စုံနီးပါး သိမ်းဆည်းထားကြတယ်။
နွေရာသီနှင့် မိုးရာသီတွေမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်း ဖြစ်လေ့ဖြစ်ထမရှိကြပါဘူး။ ထိုရာသီဥတုတွေမှာ နှုတ်ခမ်းဆိုးဆေးရောင်စုံ သုံးစွဲခြင်းက ပြဿနာမရှိသော်လည်း ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာတော့ နှုတ်ခမ်းနီရဲရဲ မသုံးသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် နှုတ်ခမ်းဆိုးဆေး တွေကိုဖော်စပ်တဲ့အခါ အနည်းနှင့်အများဆိုသလို ခဲသတ္တုဓာတ် ပါဝင်လေ့ရှိကြပြီး အနီရောင်ရဲရဲကဲ့သို့သော နှုတ်ခမ်းဆိုးဆေး အရောင်ရင့်လေ ခဲဓာတ်ပါဝင်မှုများလေဖြစ်ပါတယ်။ ဆိုးဆေးအရောင်စွဲမြဲစေပြီး နှုတ်ခမ်းသားပေါ်မှာ တာရှည်ခံအောင် ခဲဓာတ်ကိုသုံးလေ့ရှိကြရာ ၎င်းခဲဓာတ်များက နှုတ်ခမ်းကင်ဆာရောဂါဖြစ်စေတဲ့ cinogen (ခေါ်) ဓာတုဗေဒ ပစ္စည်းဖြစ်ကြောင်း အနောက်နိုင်ငံမှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိတ်ပညာရှင်လည်း ဖြစ်သော Dr. Elizabeth Ayoub ဆိုသူက သတိပေးထားတယ်။
အထူးသဖြင့် ဆောင်းရာသီနှုတ်ခမ်းသားတွေ ခြောက်သွေ့ အဖတ်လန်နေချိန်မှာ နှုတ်ခမ်းနီရဲရဲ သုံးစွဲခြင်းက ခဲဓာတ်တွေ နှုတ်ခမ်းအနာထဲသို့ အလွယ်တကူ ဝင်ရောက်သွားတတ်တာကြောင့် အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဆောင်းရာသီရောက်ရင် ရှောင်ရန်-
-နှုတ်ခမ်းသားကို တံတွေးမဆွတ်ပါနှင့်။
-နှုတ်ခမ်းကို ရေဖြင့်တို့ပေးပါ။
-ခဲဓာတ်ပါဝင်မှုနည်းတဲ့ နှုတ်ခမ်းဆိုးဆေး အရောင်ဖျော့ဖျော့ကိုသာ ရွေးချယ်ပါ။
-အဆီပါသော နှုတ်ခမ်းဆိုးဆေးကိုသုံးပါ။
-အသုံးပြုတာကြာညောင်းနေပြီဖြစ်သော နှုတ်ခမ်းဆိုးဆေး အဟောင်းများကို စွန့်ပစ်ပါ။
-အရည်ပူပူများကို မသောက်ဘဲ အအေးခံ၍ သောက်ပါ။
-ရေခဲရေကလည်း နှုတ်ခမ်းသားတွေခြောက်သွေ့စေ၍ ဆင်ခြင်ပါ။
-ညအိပ်ရာဝင်ခါနီးတိုင်း အသားလှဆီ သို့မဟုတ် သကြားရည် သို့မဟုတ် နှင်းဆီရည်ဖြင့် နှုတ်ခမ်းနှစ်လွှာထဲသို့ စိမ့်ဝင်အောင် လိမ်းပေးပါ။
ထို့ကြောင့် အလှအပမြတ်နိုးသူပျိုပျိုမေတိုင်း လှသည်ထက်ပို၍လှနိုင်ကြပါစေရှင်။ ။
ပေါက်ပေါက်