ချယ်လ်ဆီးအသင်းက အဓိကကွင်းလယ် ကစားသမားနှစ်ဦးဖြစ်သည့် ကန်တီနှင့်ဂျော်ဂျင်ဟိုတို့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထား
ချယ်လ်ဆီးအသင်းက အဓိက ကွင်းလယ်ကစားသမား နှစ်ဦးဖြစ်သည့် ကန်တီနှင့်ဂျော်ဂျင်ဟိုတို့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုပြုလုပ်ထားပြီး ကန်တီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ကန်တီနှင့်ဂျော်ဂျင်ဟိုတို့သည် ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရနိုင်သည့်အခြေအနေကြောင့် ချယ်လ်ဆီးအသင်းက ဘောလုံးရာသီ မကုန်ဆုံးမီ သက်တမ်းတိုးစာချုပ်ချုပ် ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂျော်ဂျင်ဟို၏အေးဂျင့် ဆန်းတို့စ်က “ချယ်လ်ဆီးအသင်းဆီကနေ ဂျော်ဂျင်ဟိုကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှု ရရှိထားပါတယ်။ ကျွန်တော် တို့ရဲ့ပထမရည်မှန်းချက်က အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ပါပဲ။ လက်ရှိအချိန်မှာတော့ ဂျော်ဂျင်ဟိုအတွက် ဘယ်အသင်းမှ ကမ်းလှမ်းမှု မရှိသေးဘဲ ချယ်လ်ဆီးအသင်းဆီက သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းချက် တစ်ရပ်ပဲ ရရှိထားပါတယ်။ မကြာမီ ဂျော်ဂျင်ဟိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သိရတော့မှာပါ” ဟု ပြောသည်။
လက်ရှိတွင် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် ကန်တီကို ချယ်လ်ဆီး အသင်းက အစောပိုင်းက လက်လွှတ်ရန် ပြင်ဆင်ထားသော်လည်း ယခုအခါ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။