ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စု
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ပင်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ဟုဆိုလိုက်လျှင် ငယ်စဉ်က ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် ရပ်ကွက်အလိုက် လမ်းအလိုက် စုရုံးပျော်ရွှင်ခဲ့ကြသည့်အဖြစ်ကို အမှတ်ရမိပါသည်။ ကျွန်တော်တို့ငယ်စဉ်က လွတ်လပ်ရေးနေ့ရောက်တိုင်း ရပ်ကွက်ထဲ၌ ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေး အဖွဲ့များက ဦးစီး၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြရာ ရပ်ကွက်အလယ်ရှိ အားကစားကွင်းထဲတွင် ပိတ်ကားထောင်၍ ခေတ်ဟောင်းမြန်မာရုပ်ရှင်ကားများ ညလုံးပေါက်ပြသခြင်း၊ ပိတ်ကားနံဘေးတွင် ပွဲဈေးတန်းကဲ့သို့ မုန့်ဆိုင်တန်း များဖြင့် စည်ကားသိုက်မြိုက်စွာ မိသားစုလိုက် တပျော်တပါးကြည့်ရှုခဲ့ကြသည်ကို လွမ်းဆွတ်မိပါသည်။ ရုပ်ရှင် ကားများအား ရုပ်ရှင်ရုံတွင် သွားကြည့်၍ရသော်လည်း ယခုကဲ့သို့ မိမိတို့အိမ်အနီး ပိတ်ကားရှေ့နေရာရဖို့ အလု အယက်နေရာဦးကာ ရုံမတင်တော့သည့် ဇာတ်ကားဟောင်းများကို ကြည့်ရသည်မှာ အရသာတစ်မျိုးပင်။ မိမိတို့၏ ပတ်ပတ်လည်ရှိ ပရိသတ်များမှာလည်း တစ်ရပ်ကွက်တည်းသား၊ တစ်လမ်းထဲသားများပင်ဖြစ်၍ အထူးအားနာရန် မလို ရင်းနှီးမှုတွေပိုခဲ့ကြသည်။ ရုပ်ရှင်ကြည့်ရင်း ပွဲဈေးလျှောက်ကာ အိမ်တွင်းပုန်းမမများအား မိသားစုမသိအောင် ရိုးတိုးရိပ် တိပ်ပိုးပန်းဟန်ရေးပြနေကြသော အစ်ကိုကာလသားတို့ကလည်း တစ်ဖွဲ့တစ်နွဲ့တစ်ဇာတ်လမ်းပင်။
ကျွန်တော်တို့ပျော်သည်က ဤတစ်ခုထဲပင် မဟုတ်ပါချေ။ လွတ်လပ်ရေးနေ့တွင် ရုံးများ၊ ကျောင်းများ၊ အလုပ်များ အားလုံး ပိတ်ပါသည်။ ရပ်ကွက်ထဲတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပကြရာ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ထုပ်ဆီးတိုး အစရှိသည့်အဖွဲ့လိုက် အားကစားနည်းများအား လွတ်လပ်ရေးနေ့မတိုင်မီကပင် အုပ်စုလိုက်ပွဲစဉ်များ ကြိုတင်ကျင်းပ၍ လွတ်လပ်ရေးနေ့မှသာ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများ ကျင်းပလေ့ရှိပြီး မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ တာတိုအပြေး၊ တာလတ်အပြေး၊ သံပုံးရိုက် အစရှိသည့်တစ်ဦးချင်းပြိုင်ပွဲများအား လွတ်လပ်ရေးနေ့မနက်ခင်းမှစ၍ တအုန်းအုန်း တရုံးရုံးနှင့် ပြေးကြ ဆော့ကြ ပြိုင်ပွဲဝင်ကြ အားပေးကြနှင့်ကျင်းပလေ့ရှိရာ အခြားအချိန်များတွင် ကစားခုန်စားခြင်း၌ စည်းကမ်း တင်းကျပ် တတ်သော မိဘများကိုယ်တိုင် အားပေးခွင့်ပြုမှုဖြင့် လွတ်လပ်ရေးနေ့မတိုင်မီကပင် အပေါင်းအသင်း များနှင့်အတူ အားကစားပြိုင်ပွဲ၌ ပါဝင်ရခြင်းကို ခုံမင်ပျော်ရွှင်ခြင်းပင် ဖြစ်ပါသည်။ အနိုင်အရှုံးသည် အဓိက မကျလှဘဲ နိုင်သူလည်းပြုံး ရှုံးသူလည်းပျော်နှင့် ချစ်ကြည်ရင်းနှီးမှုပိုစေသော အချိန်ကာလများပင် ဖြစ်သည်။ ထိုထိုသော အကြောင်းများကြောင့်ပင် လွတ်လပ်ရေးနေ့ဟုဆိုလျှင် ကျွန်တော်တို့စိတ်ထဲတွင် အလိုလို လွတ်လပ် ပေါ့ပါး၍ ပျော်ရွှင်ခဲ့ကြခြင်းပင် ဖြစ်သည်။
တကယ်တော့ ကျွန်တော်တို့အား ပျော်ရွှင်စေသော လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာရသော သမိုင်းကြောင်းမှာ ပန်းခင်းလမ်းမဟုတ်ပါချေ။ ကျွန်တော်တို့၏ အဘိုး၊ အဘေးများ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာအား အရင်းအနှီးပြုပြီးမှ ရရှိဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ဟူသည် အချုပ်အခြာအာဏာပိုင်စိုးမှုကို တိုင်းတစ်ပါးလက်အောက်တွင် ကျရှုံးနေသည့် အခြေအနေမှလုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ်သို့ ရောက်ရှိသောနေ့ကို သတ်မှတ်ကြသည်ပင် ဖြစ်သည်။
တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် နေခဲ့ရသော၊ လူချင်းတူလျက် လူ့အောက်ကျခဲ့ရသော ကျွန်တော်တို့ ဘိုးဘွားများအဖို့မှာ လွတ်လပ်ရေးနေ့သည် အသက်တမျှတန်ဖိုးရှိမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ လွတ်လပ်ပြီး ခေတ်မှသာ လူဖြစ်လာသော ကျွန်တော်တို့လို လူငယ်များအဖို့ အဘိုး၊ အဘွားတို့၏ အိပ်ရာဝင်ပုံပြင်များမှတစ်ဆင့် သမိုင်းစာမျက်နှာများကို လေ့လာဖတ်ရှုခံစားကြည့်မှသာလျှင် လွတ်လပ်ရေးနေ့၏ စစ်မှန်သော အရသာကို ခံစားနိုင်မည် ဖြစ်ပေသည်။
သမိုင်းကြောင်းကို ပြန်ကြည့်ရရင်ဖြင့် ၁၈၂၄ ခုနှစ်တွင် ကိုလိုနီနယ်မြေချဲ့ထွင်လို၍ အကြောင်းရှာနေသော ဗြိတိသျှတို့သည် ရှင်မဖြူကျွန်းအရေးကို အကြောင်းပြု၍ ပထမကျူးကျော်စစ်ကိုဆင်နွှဲခဲ့ရာ ရခိုင်၊ မဏိပူရ၊ အာသံ စစ်မျက်နှာတွင် မြန်မာတို့အောင်ပွဲဆင်နိုင်ခဲ့သော်လည်း ပင်လယ်ရေကြောင်းမှ ဝင်ရောက်တိုက်ခိုက်လာလိမ့် မည်ဟု မျှော်လင့်မထားခြင်းကြောင့် ဗြိတိသျှစစ်သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာချိန်တွင် အံ့အား သင့်လျက် မြို့စောင့်တပ်မျှသာရှိသော ရန်ကုန်သည် အလွယ်တကူကျဆုံးခဲ့ပါသည်။ သတ္တိသွေးမနည်းသော မြန်မာ တို့သည် ခံတပ်အဆင့်ဆင့်ဖြင့် ရွပ်ရွပ်ချွံချွံခုခံခဲ့သော်လည်း လက်နက်စနစ် အင်အားကွာခြားမှုကြောင့် အရေးနိမ့် ခဲ့ရပြီး ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန္တပိုစာချုပ် ချုပ်ဆိုကာ ရခိုင်နှင့် တနင်္သာရီနယ်တို့အား လက်လွတ် ဆုံးရှုံးခံ၍ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီး ဆုံးခဲ့ရသည်။
ထို့နောက် ၁၈၅၂ ခုနှစ်တွင် အခွန်ရှောင်သည်ဟု သံသယရှိသော ဗြိတိသျှသင်္ဘောကပ္ပတိန် နှစ်ဦးအား ရန်ကုန်မြို့ ဝန်က ဒဏ်ရိုက်ခြင်းကို အကြောင်းပြု၍ တစ်ဖက်သတ်တောင်းဆိုချက်များနှင့်အတူ ဇွတ်အတင်း စစ်ခင်းလာခဲ့ရာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ရသည်။ စစ်ပွဲမှာ အချိန်တိုအတွင်းပြီးဆုံးခဲ့သည်။ နှစ်ပေါင်း ၃၀ နီးပါး ကာလအတွင်း အလျင်အမြန် တိုးတက်လာသော ဗြိတိသျှတို့၏ လက်နက်နည်းပညာများကို မယှဉ်နိုင်ခဲ့။ ၁၈၅၃ ခုနှစ်တွင် စစ်ပွဲပြီးဆုံး၍ အကျိုးဆက်အနေဖြင့် အောက်မြန်မာနိုင်ငံအား ထပ်မံဆုံးရှုံးခဲ့ရပြန်သည်။
၁၈၅၃ ခုနှစ် မင်းတုန်းမင်းနန်းတက်လာချိန်တွင် ဗြိတိသျှတို့၏အန္တရာယ်အား မြော်တွေးကာ ပြင်သစ်၊ အီတလီ အစရှိသော ဥရောပနိုင်ငံများသို့ သံအရာရှိများစေလွှတ်၍ မဟာမိတ်ပြုနိုင်ရေး ကြိုးပမ်းခဲ့သည်။ ဗြိတိသျှ အစိုးရ အနေဖြင့် မြန်မာနိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ရန် ရှေးကတည်းကပင် ဆုံးဖြတ်ထားပြီးဖြစ်ရာ အချိန်မရွေး အကြောင်းပြ သိမ်းပိုက်နိုင်ရန်အလို့ငှာ မြန်မာအစိုးရနှင့် မြန်မာလူမျိုးတို့အပေါ် အခြားနိုင်ငံများမှ အထင်လွဲ မေတ္တာပျက်စေရန် မဟုတ်မမှန်သတင်းများအား ဥရောပတိုက်ရှိ သတင်းစာများတွင် မကြာခဏဖော်ပြခဲ့သည်။ ဥရောပတိုက်ရှိ မြန်မာသံအရာရှိမင်းကြီးများလည်း မကြာခဏ မဟုတ်မှန်ကြောင်း ဖြေရှင်းခဲ့ကြရသည်။ အကြောင်းရှာနေသော ဗြိတိသျှတို့အတွက် ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ သစ်ခိုးမှုကိစ္စ ပေါ်ပေါက်လာသည့်အခါ အချိုရှာ သကာတွေ့ ဖြစ်ကြလေသည်။ စစ်ဖြစ်လျှင် နိုင်ငံသားများနစ်နာမည့်အရေးကိုတွေးလျက် သစ်ခိုးမှုအတွက် ဒဏ်ရိုက်ခြင်းမှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သော်လည်း ကိစ္စမပြီးတော့ချေ။ “မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ ဆက်ဆံ လိုလျှင် အင်္ဂလိပ်အစိုးရသဘောတူမှ ဆက်ဆံရန်” ဟူသော အမှုကိစ္စနှင့်မသက်ဆိုင်သည့် တောင်းဆိုချက်များ ပါဝင်သည့် တစ်ဖက်သတ်တောင်းဆိုမှုများ ပြုလာခဲ့သည်။ မြန်မာတို့ဘက်မှ ခုနစ်ရက်အတွင်း သဘောတူညီမှု တို့အား ပြန်ကြားခဲ့သော်လည်း မကျေနပ်သဖြင့် အသင့်ပြင်ဆင်ထားသော ဗြိတိသျှအင်္ဂလိပ်စစ်တပ်များမှာ မြို့ရွာ များကို ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြင့် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ် စတင်ဖြစ်ပွားတော့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာတို့ အားမတန်တော့သဖြင့် ဘုရင့်အမိန့်တော်အရ လက်နက်ချ အရှုံးပေးလိုက်ရသည်။ ထိုမှစ၍ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝလုံးလုံးရောက်ခဲ့ရလေသည်။
အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ်ဖြစ်ပွားမှုအား လေ့လာကြည့်ပါလျှင် ပထမအကြိမ်စစ်ပွဲသည် မြန်မာတို့ ဇာတိမာန် တက်ကြွ၍ ဂုဏ်တောက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်စနစ်နှင့် နည်းဗျူဟာ ကွာဟချက်ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်စစ်ပွဲများကတော့ စစ်ကိုလိုလား၍ အနိုင်ကျင့် ဗိုလ်ကျလိုသူ အင်္ဂလိပ်တို့၏ စစ်မဖြစ်ဖြစ်အောင် ကျုံးသွင်း၍ အဓမ္မစစ်ခင်းကျူးကျော်ခြင်းကြောင့် စစ်ပွဲဖြစ်ပွား ကာ ရှုံးနိမ့်ခဲ့ရခြင်းပင်ဖြစ်ပါသည်။ စစ်အတွင်းအဓိကကွာခြားချက်မှာ လက်နက်စနစ်ပင်ဖြစ်ပြီး ထိုအချက်ကို ကြိုတင်သိမြင်၍ ပြင်ဆင်ဖြည့်စွက်နိုင်ရေး ကြိုးပမ်းခဲ့သော မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့၏ အိပ်မက်သည်လည်း ဘေးပယောဂအပေါ်ယုံမှား၍ သွေးသားချင်း သတ်ဖြတ်ခဲ့ကြသော မြင်းကွန်း၊ မြင်းခုံတိုင် အရေးတော်ပုံကြောင့် လှေလှော်ရင်းတက်ကျိုးဖြစ်ခဲ့ကြရသည်။
ဆုံးရှုံးသွားသော အရာဟူသမျှသည် လွယ်လင့်တကူပြန်ရရိုး မရှိပါချေ။ ထိုထဲတွင် နိုင်ငံ၏ လွတ်လပ်ရေး ဆုံးရှုံးမှုသည် ပြန်လည်ရရှိရန်သာ၍ပင် ခက်ခဲပါသည်။ တိုင်းတစ်ပါး လက်အောက်ခံအဖြစ် မနေလိုကြသည့် မြန်မာ မျိုးချစ်သူရဲကောင်း အဆက်ဆက်က နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်ရောက်ရှိသည်နှင့် တစ်ပြိုင်နက်ရရာ လက်နက်စွဲကိုင်၍ တွန်းလှန်ခဲ့ကြသော်လည်း အားမတန်သည့်အတွက် တွန်းလှန်မှုကို တစ်ခန်းရပ်ခဲ့ရသည်။ ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှတစ်ဆင့် မြန်မာအသင်းချုပ်ကြီး (GCBA)တို့ ပေါ်ပေါက် လာပြီး မြန်မာတို့၏ အမျိုး၊ ဘာသာ၊ ပညာဘက်မှ အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်ထက်သန်အောင် ကြိုးပမ်း အားထုတ်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း တို့ဗမာအစည်းအရုံး အင်အားကောင်းလာပြီးနောက် ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာသည့်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပညာ တတ်ကျောင်းသားလူငယ်များ က ဦးဆောင်၍ အင်္ဂလိပ်အခက် ဗမာ့အချက်ဟု ကြွေးကြော်ပြီး ဂျပန်တို့၏ အကူအညီဖြင့် နယ်ချဲ့ဗြိတိသျှတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ တစ်ဖန်ဂျပန်တို့ကို ပြန်လည်တွန်းလှန်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး(ဖဆပလ)ကိုဖွဲ့စည်း၍ ဗြိတိသျှတို့နှင့် စေ့စပ်ဆွေးနွေးကာ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်အရယူခဲ့သည်။ ဤသို့ စာဖြင့်အကျဉ်းချုပ်၍ စာကြောင်းရေ ၁၀ ကြောင်းမျှ ဖော်ပြသော အကြောင်းအရာကာလသည် နှစ်ပေါင်းတစ်ရာကျော် တိတိပပဆိုရသော် ၁၂၂ နှစ်ထိ ကြာရှည်ခဲ့ပြီး သမိုင်းမဝင်စာမတင်သည့် အသက်သွေး ချွေးပေါင်းမြောက်မြားစွာတို့ကို ရင်းနှီးခဲ့ရပေသည်။
မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် (တနင်္ဂနွေနေ့)တွင် ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ဘိုးဘေးတို့၏ ကျေးဇူးကြောင့် လုံးဝလွတ်လပ်သော နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့သည်။ ထိုနှစ်ဇန်နဝါရီ ၃ ရက် ညတွင် ရန်ကုန်မြို့တစ်ခုလုံး မအိပ်နိုင်။ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်သော နိုင်ငံအဖြစ်သို့ ကြေညာမည့်အချိန်ကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့် ရင်ခုန်ကြရင်း ညလုံးပေါက်မီးထွန်း၍ စောင့်စားနေကြပြီး နံနက်စောစော ချမ်းချမ်းစီးစီးတွင် နိုင်ငံတော်အလံ လွှင့်ထူမည့်နေရာသို့ အားလုံးစုဝေး ရောက်ရှိလာကြသည်ဟူ၏။
လွတ်လပ်ရေး ကြေညာစာတမ်းတွင် အပိုဒ် ၆ ပိုဒ်ပါရှိပြီး ပထမ ၃ ပိုဒ်သည် ငါတို့သည် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိကြပြီဖြစ်ကြောင်း ဥဒါန်းကျူးကျင့် ဖော်ပြချက်များဖြစ်ပြီး အပိုဒ်(၄)တွင်မူကား ပြည်ထောင်စု မြန်မာနိုင်ငံအား အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရေးသားထားလေသည်-
“ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကိုမလိုလား ကျောသားရင်သား သူကား ငါကား ခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်းသီတာသမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တစ်သွေး တစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသောကြိုးထူး ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့အပိုင်ရလေပြီ။”
အထက်ပါအဓိပ္ပာယ်ကို ကျွန်တော်နားလည်သလိုအလွယ်ဆိုရလျှင် “သဘာဝအပိုင်းအခြားတို့ဖြင့် တည်ရှိ သတ်မှတ် ထားသော မြန်မာနိုင်ငံတည်းဟူသော နယ်နိမိတ်အတွင်း လူမျိုး၊ ဘာသာခွဲခြားခြင်းမရှိ ရှေးပဝေသဏီ ကပင် ယခုထက်တိုင်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးအပေါင်းအစုဖြင့် တစ်စိတ်တစ်ဝမ်း၊ တစ်သွေး တစ်သားတည်း ဖွဲ့စည်းထားသော ကမ္ဘာဆုံးသည့်တိုင် အမြဲတည်တံ့ခိုင်မာမည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်” ဟု လွတ်လပ်ရေး၏ တန်ဖိုးကို အပြည့်အဝနားလည်ကြသော လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်များ အားလုံးက တညီတညွတ်တည်း ရှင်းရှင်းလင်းလင်း ဖော်ပြသတ်မှတ်ခဲ့သည်ဟု မှတ်ယူမိပါသည်။
လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခြင်းနည်းတူ ရရှိပြီးသော လွတ်လပ်ရေးအား တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ရသည်မှာလည်း အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးခဲ့ရသည်ကို လွတ်လပ်ပြီးစ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် တွေ့ရှိနိုင်ပါသည်။ အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများဖြင့် နိုင်ငံကို မထောက် ညှာနိုင်ဘဲ ဘေးပယောဂများ၏ သွေးခွဲရာနောက် ကောက်ကောက်ပါကာ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြသူ ခေါင်းဆောင်ကြီးများ၏ ဆန္ဒဖြစ်သော ကမ္ဘာဆုံးတိုင်မြဲခိုင်တည်တံ့သော ပြည်ထောင်စုမြန်မာနိုင်ငံအား အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ကြိုးပမ်းလာကြသော ရောင်စုံသူပုန် သောင်းကျန်းသူများနှင့် ကူမင်တန် တပ်ဖွဲ့ ကျူးကျော်မှုများအကြား လွတ်လပ်ရေး ကြိုးပမ်းမှုအတူ ပေါ်ပေါက်လာသော မြန်မာ့တပ်မတော်သည်လည်း ရှိသည့်လက်နက်၊ ရသည့်အင်အား၊ ကြုံရာဗျူဟာတို့ဖြင့် အချုပ်အခြာ အာဏာမပျောက်စေရေး အသက်ပေး၍ ဆောင်ရွက်ခဲ့ကြရသည်မှာ သမိုင်းသက်သေ အထောက်အထား မြောက်မြားစွာရှိပေသည်။ ထို့ကြောင့်ပင်လျှင် ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့သည် (၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိနိုင် ခဲ့ပါသည်။
တည်ရှိပိုင်ဆိုင်ပြီးဖြစ်သော လွတ်လပ်ရေးပန်းခိုင်ကြီးအား ငွားငွားစွင့်စွင့် ထာဝရပွင့်လန်းနေအောင် ရွက်ဆောင်ဖို့ ရာ ယနေ့လူငယ်များအတွက် သမိုင်းပေးတာဝန် လက်ဆင့်ကမ်းအမွေပင်ဖြစ်သည်။ နှစ်ပေါင်းရာကျော် ကျွန်အဖြစ် နွံနစ်ခဲ့ရာမှ ဘိုးဘွားတို့၏ မဆုတ်မနစ် အားထုတ်မှုတို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်ခဲ့ပြီးမှ မိမိတို့ခေတ် မိမိတို့လက်ထက်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့် သော်လည်းကောင်း ဆုံးရှုံးရမည်ဆိုပါလျှင် မိမိတို့အား နောင်လာမည့်မျိုးဆက်များက တာဝန်မကျေပွန်သော၊ ညံ့ဖျင်းသော မျိုးဆက်များအဖြစ် သမိုင်းတွင်လက်ညှိုး ထိုးဝေဖန် အပြစ်တင်ရှုတ်ချခြင်းကို ခံရမည်မှာမလွဲပါ။ ကျွန်တော်တို့၏မျိုးဆက်သစ်များအား ငယ်စဉ်က လွတ်လပ်ရေးနေ့တွင် ကျွန်တော်တို့ပျော်ပါးလွင်ခဲ့ကြသကဲ့သို့
သူတို့ကိုလည်း ဆက်လက်၍ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်စေလိုပါသည်။ သို့ဖြစ်ပါ၍ ယခု (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခါသမယမှစ၍ အယူဝါဒ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထက် နိုင်ငံကိုပိုမိုချစ်ခင်၍ နိုင်ငံ့အကျိုး ပြည်ထောင်စုအကျိုး ရှေးရှုဖော်ဆောင်ကာ ကျရာတာဝန်ကျေပွန်အောင်ထမ်းဆောင်ပြီး မြန်မာ့လွတ်လပ်ရေးအား လွတ်လပ်ရေး ကြေညာစာတမ်းပါအတိုင်း ထာဝရထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုရေးသား လိုက်ရပါသည်။ ။
စိုးဝင်းလ