စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၉
အမှတ်စဉ် (၉)
၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကြားမှာ တူးဖော်မှု (Exploration) တွေ လုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ပိုက်လိုင်းလုပ်ငန်းနဲ့ ဓာတ်ငွေ့တွန်းပို့ရေးစခန်းတွေ တည်ဆောက်ခဲ့တယ်။ ထုတ်လုပ်ရေးစာချုပ်အရ ၂၀၁၃ ခုနှစ်မှ ၂၀၃၂ ခုနှစ်အတွင်း ၁၉ နှစ် လုပ်ငန်းလုပ်ကိုင်ခွင့် (Concession Right) ရမှာဖြစ်ပါတယ်။
ဒီဓာတ်ငွေ့မြေမှာ ၅၄၀၀ ကနေ ၉၁၀၀ ဘီလီယံကုဗပေထိ ဓာတ်ငွေ့ခိုအောင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့သာ ဓာတ်ငွေ့သိုက်ဟာ ၉၁၀၀ ဘီလီယံကုဗပေသာ ရှိခဲ့မယ်ဆိုရင် ဒီနေ့သတ်မှတ်ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံလောက် တူးဖော်သူ ရှယ်ယာဝင်များရရှိကြမှာပါ။ တကယ်လို့ ၅၄၀၀ ဘီလီယံ ကုဗပေသာ ရှိခဲ့ပြီး နေ့စဉ် ၆၅၀ ကုဗပေသန်းသာ ထုတ်သုံးခဲ့ရင်တော့ ၂၂ နှစ် အကြာမှာ ဓာတ်ငွေ့သိုက်ကုန်ပါမယ်။ မှန်းတဲ့အတိုင်း ရှိခဲ့ရင်ပေါ့။
ရွှေသဘာဝဓာတ်ငွေ့သိုက်မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အစုရှယ်ယာဝင်တွေကတော့ -
Daewoo Internationl (South Korea) ၅၁ ရာခိုင်နှုန်း
ONGC Videsh (India) ၁၇ ရာခိုင်နှုန်း
KOGAS (South Korea) ၈.၅ ရာခိုင်နှုန်း
Gas Authority of India (GAIL) (India) ၈.၅ ရာခိုင်နှုန်း
MOGE (Myanmar) ၁၅ ရာခိုင်နှုန်း အသီးသီးဖြစ်ပါတယ်။
ဒီဓာတ်ငွေ့သိုက်ကနေ ဓာတ်ငွေ့ထုတ်ယူဖို့အတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃ ဘီလီယံထိ ကုန်ကျခဲ့ပါတယ်။
ဓာတ်ငွေ့မြေရဲ့မြေပုံညွှန်းကတော့ မြောက်လတ္တီတွဒ် ၁၉ံ ၂၁' ၂၆ ဒသမ ၀၉" နဲ့ အရှေ့လောင်ဂျီတွဒ် ၉၃ံ ၄၄' ၃ ဒသမ ၄၁" မှာ ရှိပါတယ်။ ကျောက်ဖြူကနေ တရုတ်နိုင်ငံထိ အဝေးဆုံးပိုက်ဟာ Duangxi ပြည်နယ်ထဲ က Nanning မြို့ထိ ကီလိုမီတာ ၂၈၀၆ (၁၇၀၀ မိုင်) ပိုက်လိုင်းသွယ်တန်းထားပါတယ်။ ဒီထဲက Yunan ပြည်နယ်ထိ ၇၇၁ ကီလိုမီတာ (၄၇၉ မိုင်) ရှည်တဲ့ ဆီ (Oil) ပိုက်လည်း ဓာတ်ငွေ့ပိုက်နဲ့အပြိုင် ကျောက်ဖြူကနေ သွယ်တန်းထား ပါတယ်။ ဒီပိုက်လိုင်းကို China National Petroleum Coperation (CNPC) က တည်ဆောက်တာပါ။ မူလက Yunan ပြည်နယ်ထိ ကျောက်ဖြူကနေ နေ့စဉ်ရေနံစည် ၂၄၀၀၀၀ တင်ပို့နိုင်ဖို့ ပိုက်လိုင်းတစ်ခုတည်ဆောက်ဖို့ ကြံစည်နေစဉ်မှာ ရွှေသဘာဝဓာတ်ငွေ့မြေက ဓာတ်ငွေ့ထွက်လာတော့ ဓာတ်ငွေ့ပိုက်လိုင်းပါ တစ်ပါတည်းတွဲပြီး တည်ဆောက်လိုက်တာပါ။
မူလက ဒီဓာတ်ငွေ့ကို Daewoo International (DI) ကုမ္ပဏီက LNG အဖြစ်ပြောင်းပြီး ကိုရီးယားထိ သယ်ယူမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါကို တရုတ်ပြည်ကိုရောင်းဖို့ မြန်မာအစိုးရက ကမ်းလှမ်းချက်ပေးလာတဲ့အခါ DI က တင်ဒါဈေးရဲ့ အမြင့်ဆုံးဈေးနဲ့ပေးရင် ရောင်းမယ်ဆိုပြီး တုံ့ပြန်ပါတယ်။ မူလအစက အိန္ဒိယကလည်း ဒီဓာတ်ငွေ့ကို လိုချင်ပါတယ်။ ပိုက်လိုင်းဆွဲပြီး သယ်ယူပါ့မယ်လို့ စခဲ့ပါသေးတယ်။ သူ့နိုင်ငံက ကုမ္ပဏီနှစ်ခုကလည်း ရှယ်ယာဝင်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံကို ဓာတ်ငွေ့ပို့ဖို့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဖြတ်ရမယ့်ကိစ္စကို သူတို့က လုံးဝမလုပ်ချင်ကြပါဘူး။ ဒီတော့ ရခိုင်ကနေ ချင်းတောင်၊ ချင်းတောင်မှ တမူး၊ တမူးမှ အိန္ဒိယ ပြည်တွင်းထိ သယ်ဖို့ စီစဉ်ပါသေးတယ်။ ဒါပေမဲ့ သယ်ရမယ့် ပိုက်လိုင်းအလျားနဲ့စရိတ်ကြောင့် ဈေးကမသက်သာပါဘူး။ အိန္ဒိယကလည်း ဓာတ်ငွေ့ဝယ်ဈေးသက်သာမှ တွက်ခြေကိုက်မှာဖြစ်လို့ ဈေးချိုချိုနဲ့ လိုချင်ပါတယ်။ ဒီကိစ္စညှိကြ တာ တစ်နှစ်လောက်ကြာခဲ့ပါတယ်။
နောက်ဆုံး DI ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်အရ ဈေးအမြင့်ဆုံးပေးသူကိုသာ ရောင်းမယ်။ ဒီလိုမပေးနိုင်ရင် ပေးနိုင်တဲ့ ကိုရီးယားရေနံ လုပ်ငန်းကို LNG လုပ်ပြီး ပို့မယ်လို့ပြောလာခဲ့ပါတယ်။ မြန်မာဘက်က ဆွေးနွေးတာက LNG ပြောင်းဖို့လုပ်ရင် တစ်နှစ်လောက်ထပ်ကြာမယ်၊ ဒါကြောင့် တရုတ်ကိုသာရောင်းလိုက်ပါဆိုပြီး တိုက်တွန်း ပြောဆိုမှုတွေ ဖြစ်လာခဲ့တယ်။ DI ကလည်းမလျှော့ပါဘူး။ ဒါဆိုရင် ကိုရီးယားပေးမယ့် ဈေးအတိုင်း တရုတ်က ပေးရင်ရောင်းမယ်လို့ တင်းခံပါတယ်။ နောက်ဆုံး တရုတ်ကလက်ခံသွားလို့ တရုတ်ကို ရောင်းလိုက်ပါတယ်။ ဒီကိစ္စညှိနှိုင်းတာ နှစ်နှစ်ကြာသွားပါတယ်။ တရုတ်ကို ဓာတ်ငွေ့တွေ ဈေးပေါပေါနဲ့ ရောင်းတာ မဟုတ်ဘူးဆိုတာက တော့ ပေါ်လွင်ပါတယ်။
DI ကတော့ ကိုရီးယားကိုပဲ ရောင်းချင်တာပါ။ ကုန်းပေါ်ပိုက်လိုင်း ပိုင်ဆိုင်မှုမှာ မြန်မာက ရေမြေပိုင်ဆိုင်မှုအတွက် ရှယ်ယာ ၄၉ ဒသမ ၁ ရာခိုင်နှုန်းရယူပြီး တရုတ်က ကုန်ကျစရိတ်အတွက် ရှယ်ယာ ၅၀ ဒသမ ၉ ရာခိုင်နှုန်းယူဖို့ သဘောတူထားပါတယ်။ တရုတ်ရင်းလိုက်ရတဲ့ငွေထဲမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံဟာ ရေနံပိုက်လိုင်းအတွက် ကုန်ကျစရိတ်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ ကုန်ကျတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း EITI က ထုတ်ပြန်တဲ့ သတင်း တစ်ရပ်က ရေနံပိုက်လိုင်းအတွက် မြန်မာရဲ့ ရှယ်ယာကတော့ ၇ ဒသမ ၃ ရာခိုင်နှုန်းရတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ရင်ပဲ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ကာလတစ်ခုထိ ဖက်စပ်လုပ်ကိုင် ခွင့်ပြုထားတာဆိုတာပေါ်လွင်ပါတယ်။ (Source; Shwe-gas and Pipelines Project Myanmar https://www.banktrack.org)
ရွှေသဘာဝဓာတ်ငွေ့သိုက်နှင့်ပတ်သက်ပြီး ဗဟုသုတဖြစ်စရာအချို့ကို ကောက်နုတ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု ရခိုင်ကမ်းလွန်ဓာတ်ငွေ့သိုက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဖြည့်စွက်ဖော်ပြပေးပါမယ်။
မြန်မာအနောက်ဘက်ပင်လယ်ပြင်မှာ လုပ်ကွက် (Block) ခုနစ်ခုရှိပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ပြင်သစ်၊ ဂျပန်၊ အမေရိကန် ရေနံကုမ္ပဏီတွေ ဝင်ရောက်ရှာဖွေကြပါတယ်။ ဒီနေရာမှာ ပြင်သစ်နိုင်ငံ Total ကုမ္ပဏီက လုပ်ကွက် နှစ်ကွက်မှာ ရှာဖွေခဲ့ပြီး ဂျပန်ကုမ္ပဏီများမှ စုပေါင်းဖွဲ့စည်းထားတဲ့ AODC ဆိုတဲ့ ကုမ္ပဏီလေးခု၊ အမေရိကန်က City Serive ကုမ္ပဏီက တစ်ခုရှာဖွေခဲ့ကြပါတယ်။ သဘာဝဓာတ်ငွေ့ထွက်နိုင်ခြေနည်းတယ် စီးပွားရေး တွက်ခြေကိုက် မှာ မဟုတ်ဘူးဆိုပြီး နောက်ပြန်ဆုတ်သွားခဲ့ကြတယ်။ ဒီကုမ္ပဏီတွေရဲ့သုံးသပ်ချက်က ရေနံခိုအောင်းတဲ့ နေရာ မရှိနိုင်လို့ ရုပ်သိမ်းတာလို့ပြောပါတယ်။ ယခင်တူးဖော်မှု နည်းပညာဟောင်းများဟာ သဲအနည်ကျကျောက်ထဲက ရေနံသဘာဝ ဓာတ်ငွေ့ခိုအောင်းမှုကိုသာ ရှာဖွေတူးဖော်ကြတာဆိုတော့ သဲအနည်ကျ ကျောက်မရှိလို့ ရေနံ သဘာဝ ဓာတ်ငွေ့မထွက်နိုင်ဘူးဆိုပြီး တထစ်ချ ဆုံးဖြတ်ခဲ့ကြပုံရပါတယ်။
၁၉၉၈ ခုနှစ်မှာ ကိုရီးယားရဲ့နာမည်ကြီး ဒေဝူးကော်ပိုရေးရှင်းရဲ့ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်တဲ့ ဒေဝူး အင်တာနေ ရှင်နယ် Daewoo International (DI) ဆိုတဲ့ ရေနံရှာဖွေတူးဖော်ရေး ကုမ္ပဏီကို မြန်မာအစိုးရက သူများမလုပ်ချင် လို့ ပြန်အပ်ထားတဲ့ ရေနံလုပ်ကွက်ထဲက A 1 ဆိုတဲ့လုပ်ကွက်ကို လုပ်ကိုင်ခွင့်ပေးဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တယ်။
ရေနံသဘာဝဓာတ်ငွေ့တူးဖော်ရမှု သဘာဝ
ရေနံသဘာဝဓာတ်ငွေ့ရှာဖွေတယ်ဆိုတာ ချက်ချင်းလာ၊ ချက်ချင်းတွေ့ရာနေရာမှာ စင်ဆောက်ပြီး တူးလို့ရတဲ့ အလုပ်မဟုတ်ပါဘူး။
ပထမအဆင့် - ရနိုင်သမျှ ဘူမိဗေဒ အချက်အလက်များကို စုဆောင်းခြင်း၊ သုံးသပ်ခြင်းပြုလုပ်ရပါတယ်။
ဒုတိယအဆင့် - အထက်ပါအတိုင်း စုဆောင်းရရှိခဲ့သော အချက်အလက်များကိုမူတည်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိကို နည်းပညာဖြင့် ငလျင်လှိုင်းတု (Artificial Seismic Wave) ထုတ်လွှတ်သော ကိရိယာနဲ့ ထပ်မံတိုင်းတာတယ်။
တတိယအဆင့် - ဒီလိုတိုင်းတာလို့ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်တော့မှ ရှာဖွေတူးဖော်ရေး (Development) ကို စတင်ဆောင်ရွက်ကြရတာဖြစ်ပါတယ်။
စတုတ္ထအဆင့် - ရှာဖွေတူးဖော်ရေး (Development) အဆင့်မှာ ရရှိလာတဲ့အဖြေအပေါ်မူတည်ပြီး ဆက်ပြီးတူးသင့်၊ မတူးသင့် ဆုံးဖြတ်ကြပါတယ်။ ရေနံ သို့မဟုတ် သဘာဝ ဓာတ်ငွေ့ထွက်ချင် ထွက်လာနိုင် သော်လည်း စီးပွားဖြစ်မထွက်နိုင်ဘူးဆိုရင် တွင်းကိုပြန်ပိတ်ပြီး နောက် တစ်နေရာ ပြောင်းပြီး စမ်းသပ်ကြရတာပါ။ အဓိကအချက်ကတော့ စတုတ္ထအဆင့် ရောက်ဖို့ဆိုတာက လည်း တတိယအဆင့်ကရတဲ့ စီးပွားဖြစ်ရနိုင်၊ မရနိုင်က ဆုံးဖြတ်ချက်ပေးတာဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ အဆင့်လေးဆင့်ထိရောက်ဖို့ ရံဖန်ရံခါ ၁၅ နှစ်ခန့်အထိ ကြာမြင့်တတ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။