စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၀)
အမှတ်စဉ်(၁၀)
ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး အလုပ်ဟာ ငွေကြေးကုန်ကျမှုများပြီး စွန့်စားရတဲ့ အလုပ်တစ်ခုပါ။ ပညာရပ်ကလည်း မြင့်မြင့်မားမားသုံးစွဲရသလိုအသုံးပြုတဲ့ပစ္စည်းများဟာလည်း အလွန်ခိုင်ခံ့သေချာသော အထူးပြုလုပ်ထားသော ပစ္စည်းများသုံးစွဲပြီး မြေအောက်အနက်မီတာ ၃၀၀၀ ဝန်းကျင် (အချို့ဒီထက်ပိုပါတယ်) ခန့်ထိ တွင်းတူးကိရိယာမျိုးစုံနဲ့ အချိန်ပြည့်မရပ်မနားဆက်တိုက် လူဆိုင်းနဲ့ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ရံဖန်ရံခါ အဆင်မသင့်ရင် အသက်အန္တရာယ်ပါ ထိခိုက်မှုတွေရှိပါတယ်။ တွင်းတူးစင်အနီးမှာ နေပြီးလုပ်ကြရပါတယ်။ ရေနံတွင်းတူး ပညာရှင်နဲ့ငယ်သားများရဲ့ဘဝက ပင်ပန်းပါတယ်။ ကမ်းလွန်ပင်လယ်ပြင်ဆိုရင်တော့ ပြောဖွယ်မရှိတော့ပါဘူး။ မြန်မာနိုင်ငံလို မုတ်သုံမုန်တိုင်းဝင်တတ်တဲ့ ကမ်းရိုးတန်းများမှာ မိုးရာသီမှာအန္တရာယ်များလို့ ရှာဖွေမှုလုပ်ငန်းများ ရပ်နားကြရပါတယ်။
ခြုံပြောရရင်တော့ အရင်းအနှီးကြီးပြီး သေချာမှုဖြစ်နိုင်ခြေ (Probability)က နည်းပြီး လုပ်ငန်းကို ခေတ်မီနည်းပညာတွေနဲ့ ကျော်လွှားနေကြရတာပါ။
အခု ရွှေသဘာဝဓာတ်ငွေ့တွင်းကိုပဲကြည့်ပါ။ ပထမအဆင့်လေ့လာမှုပင် ဒေါ်လာ ၆ သန်းကျော်ရင်းရပါတယ်။
ဒုတိယအဆင့် နောက်ထပ်ရင်းနှီးမှုစရိတ် ဒေါ်လာ ၇ သန်းလောက်ရှိပါတယ်။ ဒီလိုနေရာမှာ ကုမ္ပဏီအချို့ဟာ ဘဏ်တွေနဲ့ ချိတ်ပြီးငွေချေးရတယ်။ ချေးငွေအပေါ်မှာ အပေးအယူလုပ်ပြီး အောင်မြင်ခဲ့ရင် ဘဏ်ကဘယ်လောက်ယူ၊ ဆုံးရှုံးသွားရင် ဘဏ်ကဘယ်လောက်စိုက်ဆိုပြီး ရေနံတူးဖော်ရေးကုမ္ပဏီတွေနဲ့ ဘဏ်တွေနှစ်ဖက်စာချုပ်တွေ ချုပ်ကြရပါတယ်။ အချို့ဘဏ် တွေကတော့ ငွေတိုးပဲယူကြပါတယ်။ ဘဏ်တွေကလည်း ယုံကြည်စိတ်ချရတဲ့ နာမည်ကြီးရေနံကုမ္ပဏီတွေက ဆောင်ရွက်တဲ့ကိစ္စမျိုး၊ တကယ်ရေနံထွက်မယ်လို့ ယုံကြည်တဲ့နေရာမျိုး စတာတွေမှာသာ အဓိကအာရုံရောက်ကြပါတယ်။
အခု ရွှေတွင်းမှာ ၁၉၇၀ ပြည့်နှစ်တွေမှာတုန်းက နာမည်ကြီးရေနံတူးဖော်ရေး ကုမ္ပဏီတွေက ဓာတ်ငွေ့၊ ရေနံစီးပွားဖြစ်မထွက်နိုင်ပါဘူးလို့ မှတ်ချက်ပေးထားတဲ့ နေရာမှာ ဒေဝူးအင်တာနေရှင်နယ် Daewoo International) (DI) က ဝင်လုပ် တာဆိုတော့ အထင်မကြီးကြသလို လုပ်ကွက်ကလည်း မရေရာမသေချာ လုပ်ကွက်ဆိုတော့ ငွေချေးဖို့တောင်အတော်ခက်ခဲတော့ DI ဟာ ကိုရီးယားအစိုးရကိုပဲ အပူကပ်ပြီး ငွေချေးရပါတယ်။ ကိုရီးယားအစိုးရကလည်း သူ့နိုင်ငံကရေနံကုမ္ပဏီကို ကမ္ဘာ့အဆင့်ဖြစ်စေချင်လို့ စွန့်စားပြီး မြေတောင်မြှောက်ပေးပါတယ်။ ဒါက DI အတွက် ခက်ခဲခဲ့တဲ့ခြေလှမ်းတစ်လှမ်းပါ။
သူတို့ရင်းနှီးမြှုပ်နှံမယ့် မြန်မာအစိုးရဘက်ကိုကြည့်ရင်လည်း တစ်ကမ္ဘာလုံးက အကြီးအကျယ် စီးပွားရေးပိတ်ဆို့နေတဲ့အချိန် ၁၉၉၈ ခုနှစ်ဝန်းကျင်မှာ ကိုရီးယား ကုမ္ပဏီတွေထဲက တစ်ကမ္ဘာလုံးမှာ နာမည်ရပြီးဖြစ်နေတဲ့ ဒေဝူးကုမ္ပဏီတစ်ခုက ဝင်ရောက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချရတာဟာလည်း စွန့်စားရမှုတစ်ခုပါပဲ။ မြန်မာဘက်ကလည်း ထုံးစံအတိုင်း ကိုယ့်ဘက်ကအသာစီးရဖို့ စာချုပ်တွေမှာ ထည့်ချင်တဲ့ စာသားတွေဖြည့်ထည့်၊ ဒေဝူးကလည်း ထပ်ထည့်တဲ့စာသားတွေကို အပြန်ပြန်အလှန်လှန်ငြင်းခုံပြီး နောက်ဆုံး ၂၀၀၀ ပြည့်နှစ် သြဂုတ်လမှာ လုပ်ကွက်အမှတ် A1 အတွက် ထုတ်လုပ်မှုပမာဏ ခွဲဝေရေးစာချုပ် (Production Sharing Contract- PSC)ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီအလုပ်ကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကနေ ဒေဝူးကိုဖိတ်ခေါ်စာပို့ခဲ့တဲ့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စတွက်ရင် နှစ်နှစ်ခွဲကြာမှ စတင်ရှာဖွေခွင့်ရခဲ့တာပါ။
Shale ထဲက ဓာတ်ငွေ့ဘယ်လိုထုတ်တာလဲ
ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် A1မှ ထွက်ရှိနေတဲ့ ဓာတ်ငွေ့ဟာ Shale ကျောက်လွှာအတွင်းက ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Shale ထဲမှ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းဟာ အမေရိကန်နည်းပညာပါ။ အမေရိကန်တို့ဟာ စွမ်းအင်များစွာ သုံးကြတယ်။ တစ်ချိန်ကများပြားလှသော စွမ်းအင်လိုအပ်ချက်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရတယ်။ မက္ကဆီကိုကမ်းရိုးတန်းနဲ့ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတွေမှာ LNG Terminal တည်ဆောက်ပြီး ပြည်ပက LNG တင်သွင်းရန်ပင် အစီအစဉ်ဆွဲခဲ့ရပါတယ်။ ဒါပေမဲ့ Shale ထဲက ဓာတ်ငွေ့နဲ့ရေနံစိမ်းတွေ ထွက်လာအောင် လုပ်နိုင်ခဲ့လို့ ပြည်ပကို LNG တင်ပို့နိုင်တဲ့အဆင့်ဖြစ်ခဲ့ပြီး အမေရိကန်ထုတ်လုပ်မှုမြှင့်တင်ချက်အရ ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးပါ ကျဆင်းသွားခဲ့တယ်။
Shale ထဲက ရေနံသဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို အနည်းငယ်ရှင်းပြပါမယ်။ Shale ရဲ့ သဘာဝက ကမ်းရိုးတန်းနှင့် ဝေးကွာတဲ့နေရာထိ မျောပါရောက်ရှိသွားတဲ့အလွန်သေးငယ်တဲ့ ရွှံ့မှုန်အငယ်များ အနည်ကျရာမှစုမိပြီး ကျောက်သားအဖြစ် တည်ရှိနေခြင်းဖြစ်ပါတယ်။ အလွန်သေးငယ်တဲ့ အမှုန်များနဲ့ ဖွဲ့စည်းထားတဲ့ အနည်ကျ ကျောက်သားဖြစ်တဲ့အတွက် ရေနံနဲ့သဘာဝဓာတ်ငွေ့ခိုအောင်းရာမှာ အလွန်သေးငယ်တဲ့ ကွက်လပ်ကလေးများထဲမှာသာ ခိုအောင်းနိုင်ပါတယ်။ ရွှံ့မှုန်ကလေးများ အနည်ကျနေတဲ့အချိန်မှာ ၎င်းင်းတို့နှင့်ရောပြီး မျောပါလာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ဖြစ်စေမယ့် အော်ဂဲနစ်ပစ္စည်းတွေပါရောပြီး အနည်ထိုင်ရာက မြေအောက်မှာကာလကြာမြင့်မားတဲ့ ဖိအားနဲ့အပူချိန်ကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ခိုအောင်းတဲ့ ကျောက်ဖြစ်လာခဲ့တယ်။ သဲကျောက် (Sand Stone) ကတော့ ပုံဆောင်ခဲနည်းနည်းကြီးတဲ့ အနည်ကျကျောက်ဖြစ်တာကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ခိုအောင်းတဲ့ နေရာများများရှိပါတယ်။ Shale လွှာတွေဟာ အလွှာလိုက်တည်ရှိနေတဲ့အတွက် ဘယ်လိုတည်ရှိ နေသလဲဆိုတာကို သုံးဖက်ပုံပေါ်ငလျင်လှိုင်းတု(Three Dimension Artificial Seismic Wave) သုံးပြီး မြေအောက်တည်နေရာနဲ့ တည်နေပုံကို ပုံဖော်ကြည့်ရပါတယ်။
သူ့ကျောက်သားဖွဲ့စည်းမှုအရ ခိုအောင်းနေတဲ့ နေရာငယ်လေးတွေဟာ အလွန် သေးငယ်တဲ့အတွက် လွန်သွားကို Shale ထဲရောက်တဲ့အထိဖောက်ပြီး Shale လွှာ တည်ရှိနေတဲ့အတိုင်း လွန်ကိုဘေးတိုက်ထိုးဖောက်ရပါတယ်။ ဘေးတိုက်ထိုးဖောက်နေဆဲ အလွန်အားပြင်းတဲ့ရေအားနဲ့ Shale ကိုခွဲရပါတယ်။ ဒါကို ရေအားဖြင့် ကျောက်သားထုကို ကွဲကြေစေခြင်း(Hydraulic Fracturing)လို့ ခေါ်ပါတယ်။ ရေသက်သက်သာမက ရေနဲ့အတူသဲနဲ့ဓာတုပစ္စည်းတွေပါ ကျောက်ကြားတွေထဲရောက်အောင် ဖိထည့်ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။