အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်)
အမျိုးသားရေးလုပ်ငန်းစဉ်များအောင်မြင်ရေး
“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရေး” သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် တစ်ရပ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို အိမ်ကြီးတစ်အိမ်ကဲ့သို့ တွေးဆကြည့်မည်ဆိုပါက အိမ်ကြီးအိမ်ကောင်း၊ ခြံစည်းရိုး ခိုင်ခိုင်မာမာနှင့် ဝင်ငွေများများရှိသည့် အိမ်တစ်အိမ်သည် တင့်တယ်ဝင့်ကြွားစွာ နေထိုင် စားသောက်နိုင်ကြပြီး မိသားစုစိတ်ချမ်းသာမှုရှိပေမည်။
ထို့အတူ နိုင်ငံတစ်နိုင်ငံမှာလည်း မိမိနိုင်ငံ၏ ကာကွယ်ရေးအင်အားဟု ဆိုရမည့် ခြံစည်းရိုးခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်မည်ဆိုပါက ပြင်ပမှအဖျက်သမားတို့ လွယ်ကူစွာဝင်နိုင်မည်မဟုတ်ပေ။ ဝင်ရောက်လာလျှင် လည်း ထိရောက်စွာ ချေမှုန်းနိုင်ရပေမည်။ အကြမ်းဖက်အဖျက်သမားဆိုသည်မှာ ဥပဒေပြင်ပမှ ထင်ရာစိုင်း နေသူများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွက် အဖျက်အမှောင့်လုပ်ရပ်များကို အဖျက်သမားစိတ်ဓာတ်ဖြင့် လုပ်ဆောင်ရင်း ငွေကြေးရှာဖွေနေသူများ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်နေသူများကို ပြည်သူတစ်ရပ်လုံး၏ အားဖြင့် တိုက်ထုတ်ကြရပေမည်။
တိုင်းပြည် သာယာဝပြောရေးအတွက် ပထမဆုံးလိုအပ်ချက်မှာ တရားဥပဒေစိုးမိုးရေးဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲတွင် ဖြစ်ရပ်မှန်ကိုမျက်ကွယ်ပြုကာ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင် နေသူမှန်သမျှသည် ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်သည်။ အဆိုပါ အကြမ်းဖက်အဖျက်သမားတို့ကို အားပေး အားမြှောက်ပြုနေသော ပြည်ပနိုင်ငံအချို့မှာလည်း မြန်မာပြည်သူတို့၏ ရန်သူများသာဖြစ်သည်။ ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက တိုင်းပြည်သာယာဝပြောရေးကို အနှောင့် အယှက်ပြုနေသူများကို တိုက်ဖျက်ကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် သတင်းစာများတွင် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်မှာ ၁။ ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။ ၂။ ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။ ၃။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားတို့၏ သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME)စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအားပေးလျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးတွင် ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းပေါများအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပသို့ အရည်အသွေးမီ တင်ပို့နိုင်ခြင်း၊ ပြည်ပမှဝင်ငွေများ ရရှိခြင်းတို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအားထား လုပ်ဆောင်နေသည့်နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး အဆိုပါလုပ်ငန်းများကို အဓိကလုပ်ဆောင်နေကြရသူ များဖြစ်သည်။ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးတွင် ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါက ကုန်ထုတ်လုပ်မှု မြင့်မားလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် စားရေရိက္ခာထုတ်လုပ်မှုမှာ ပြည်တွင်း စားသုံးမှုပိုလျှံသည့်အပြင် ပြည်ပသို့ပင် တင်ပို့ရောင်းချလျက်ရှိသည်။ ဆိုလိုသည်မှာ စားရေရိက္ခာဖူလုံရေးအတွက် စိုးရိမ်ဖွယ်မရှိသည့် အနေအထားတွင်ရှိနေခြင်း ဖြစ်သည်။
တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးမှာ နိုင်ငံသားတို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် ကိစ္စရပ်ဖြစ်သည်။ မိဘဘိုးဘွားတို့ ပေးထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးမှာ မျိုးဆက်သစ်တို့ ဆက်ကာဆက်ကာ ဆောင်ရွက်နေရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင် ရန်အတွက် အဓိကအရေးကြီးဆုံး လိုအပ်ချက်မှာ ပညာရည်မြင့်မားရေးဖြစ်သည်။ ပညာရည်နိမ့်ပါးနေပါကလည်း မည်သည့်အရာမျှ ထူးချွန်စွာအောင်မြင်လိမ့်မည်မဟုတ်ပေ။
ပညာရည်မြင့်မားနေခြင်းဖြင့် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းခွင်တွင် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့် တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်မှုတို့ ရှိလာပေလိမ့်မည်။ သို့မှသာ တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် အတွင်း တိုးတက်လာမည့် လူဦးရေနှင့်ညီမျှသော စားရေရိက္ခာဖူလုံရေးတို့ကို စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့် ပြည်သူတစ်ရပ်လုံးက မိမိတိုင်းပြည်အတွက် ပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။