မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနည်းပြ ဒေါ်သက်သက်ဝင်းကို နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

ရန်ကုန် ဇန်နဝါရီ ၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနည်းပြ ဒေါ်သက်သက်ဝင်းကို နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနည်းပြ ဒေါ်သက်သက်ဝင်းကို    နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြ ဒေါ်သက်သက်ဝင်းသည် အသင်းကို နည်းပြအဖြစ် တာဝန်မယူမီက သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အမျိုးသမီးအသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းကို ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် စတင်တာဝန်ယူကိုင်တွယ်ပြီး နောက် တတိယဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

နည်းပြဒေါ်သက်သက်ဝင်းသည် ၂၀၁၆ ခုနှစ်ကတည်းက မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ပြီးခဲ့သည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နှစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ထဲမှာ အမျိုးသမီး လက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲအများအပြား ကစားဖို့ရှိနေပါတယ်။ လက်ရှိ အခြေအနေ မှာရှိနေတဲ့ ကစားသမားအင်အား၊ ထောက်ပံ့မှုနဲ့ အကောင်းဆုံးရလဒ်တွေရရှိအောင် ကြိုးစားသွားမှာပါ။ ယုံကြည်ပြီး တာဝန်ပေးအပ်ခဲ့တဲ့အတွက်လည်း ကိုယ့်ဘက်ကအကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ဒေါ်သက်သက်ဝင်းက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့်စုဖွဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ပြင်ဆင် လေ့ကျင့်လျက် ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများအဖြစ် ၂၀၂၃ ပြင်သစ်အိုလံပစ် ပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ၊ ၂၀၂၃ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကမ္ဘောဒီးယား နိုင်ငံ၌ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တို့ကို ဝင်ရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။            

 စည်သူအောင်