အပြုသဘောဆောင် ရလဒ်များကို ထွက်ပေါ်စေပြီး ရုရှား၏ သံတမန်ရေး လွှမ်းမိုးမှုကိုပါ မြင့်တက်စေသည့် သုံးနိုင်ငံဆွေးနွေးမှု
တူကီယဲအစိုးရသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ တပ်ဖြန့်ထားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်အားလုံးကို အပြီးသတ် ရုပ်သိမ်းရန် သဘောတူညီလိုက်ပြီဖြစ်သည်။ တူကီယဲအစိုးရ၏ အဆိုပါဆုံးဖြတ်ချက်သည် ရုရှား၊ တူကီယဲနှင့် ဆီးရီးယားသုံးနိုင်ငံကြား ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှား၊ တူကီယဲနှင့် ဆီးရီးယားသုံးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် ဆီးရီးယား နိုင်ငံ၌ ၂၀၁၁ ခုနှစ်မှစ၍ လက်နက်ကိုင် ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုရလဒ်အရ တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ၎င်းတို့ ထိန်းသိမ်းထားသည့် နယ်မြေများရှိ တပ်များကို အပြည့်အဝပြန်လည် ရုပ်သိမ်းပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
တူကီယဲနှင့် ဆီးရီးယားအစိုးရတို့သည် ဆီးရီးယားနိုင်ငံကို အခြေပြုလှုပ်ရှားနေသည့် ကာ့ဒ်စစ်သွေးကြွအဖွဲ့အား အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ထားပြီး ယင်းအဖွဲ့အား တူကီယဲနှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးကို ခြိမ်းခြောက်နေသည့် အဖွဲ့အစည်းတစ်ခု အဖြစ်လည်း သတ်မှတ်ထားသည်။
ထို့ပြင် တူကီယဲအစိုးရသည် ကာ့ဒ် စစ်သွေးကြွအဖွဲ့ကိုသာမက ယင်းအဖွဲ့နှင့် ဆက်နွှယ်နေသည့် လက်နက်ကိုင်အဖွဲ့ အစည်းများကိုလည်း နိုင်ငံ၏အမျိုးသား လုံခြုံရေးကိုခြိမ်းခြောက်နေသော အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သဘောထားလျက် ရှိသောကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တပ်များ၏ ပစ်မှတ်များအပေါ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် တူကီယဲအစိုးရအနေဖြင့် မြေပြင်စစ်ဆင်ရေးများ ဆင်နွှဲ၍ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။
ကာ့ဒ်စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်နေသည့် လက်နက်ကိုင်အဖွဲ့များတွင် စစ်ရေးအရ အထိနာခဲ့သော IS စစ်သွေးကြွအဖွဲ့မှ အကြွင်းအကျန်များလည်း ပါဝင်သည်။
ထိုသို့သောအခြေအနေတွင် သုံးနိုင်ငံ ဆွေးနွေးပွဲတစ်ရပ်ကို မော်စကိုမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရုရှားအစိုးရက ကမကထပြုခဲ့ခြင်းဖြစ်သည်။
ယင်းသုံးနိုင်ငံ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်များကို တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့က လိုက်နာမည်ဟု မျှော်လင့်ထားသည်။ ထို့ပြင် တူကီယဲအစိုးရ အနေဖြင့် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပေါင်းစည်းမှုကို လေးစားလိုက်နာရန် ကတိကဝတ်ပြုထားသည်။
ထို့ပြင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ အနေဖြင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနှင့် ကူကီယဲနိုင်ငံ နယ်စပ်တစ်လျှောက် ဖောက်လုပ်ထားသည့် အဝေးပြေးလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း အာရပ်ဘာသာဖြင့် ထုတ်ဝေသော AlWatan သတင်းစာတွင် ဖော်ပြထားသည်။
အလားတူပင် တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၌ နိုင်ငံရေး တည်ငြိမ်မှုရရှိပြီး နောက်ပိုင်းတွင် အကြမ်းဖက် တိုက်ဖျက်ရေး အတွက် ဆီးရီးယားနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း အရိပ်အမြွက်ပြသခဲ့သည်။
ရုရှား၊ တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ကြား ယခုကဲ့သို့ သဘောတူညီချက် ချမှတ်နိုင်ခဲ့သော်လည်း တူကီယဲနှင့် ဆီးရီးယား နိုင်ငံတို့ကြားရှိ ကိစ္စရပ်အားလုံးကို ဆွေးနွေးပွဲတစ်ကြိမ်တည်း ကျင်းပရုံဖြင့် ဖြေရှင်းနိုင်မည် မဟုတ်သေးကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအေကာက ဒေသတွင်း မီဒီယာများသို့ ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ပြောကြားခဲ့သည်။ ထို့ကြောင့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ အနေဖြင့် ပြန်လည်ပေါင်းစည်းရေးကို ပိုမိုခိုင်ခံ့စေရေး အတွက် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် သဘောတူညီခဲ့ကြသည်။
သုံးနိုင်ငံဆွေးနွေးပွဲ၏ သဘောတူညီချက်အရ တူကီယဲနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှ ၎င်းတို့၏ တပ်များကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းသည် တူကီယဲ-ဆီးရီးယား ဆက်ဆံရေး တိုးတက်လာစေမည့် ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။
တူကီယဲအစိုးရသည် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွများအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် နိုင်ငံ၏ပိုင်နက်နယ်မြေ အတွင်း ဝင်ရောက်တပ်စွဲထားခြင်းတို့သည် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆီးရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။
ထို့ကြောင့် ယခုကျင်းပခဲ့သော သုံးနိုင်ငံ ဆွေးနွေးပွဲသည် အပြုသဘောဆောင်သည့် ရလဒ်များကို ထွက်ပေါ်လာစေခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဘယ်ကြောင့်ဆိုသော် မော်စကိုမြို့၌ ကျင်းပခဲ့သော အဆိုပါသုံးနိုင်ငံ ဆွေးနွေးပွဲသည် တူကီယဲ-ဆီးရီးယား ဆက်ဆံရေး တိုးတက်လာစေရန် လမ်းဖွင့်ပေးနိုင်ခဲ့သည့်အပြင် ကြားဝင်ဖျန်ဖြေပေးခဲ့သော ရုရှားအစိုးရ၏ သံတမန်ရေးလွှမ်းမိုးမှုပုံရိပ်ကိုပါ များစွာတိုးတက်စေ ခဲ့ခြင်းကြောင့်ဖြစ်သည်။
လက်ရှိတွင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ကြား ထောက်လှမ်းရေး သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေးကို လုပ်ဆောင်လျက်ရှိပြီး အခါအခွင့်သင့်ပါက ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်နှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။
အချုပ်အားဖြင့်ဆိုရပါမူ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မော်စကိုမြို့၌ ကျင်းပခဲ့သော သုံးနိုင်ငံဆွေးနွေးပွဲသည် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ကြား ဆီးရီးယားစစ်ပွဲ စတင်ချိန်မှစ၍ ပထမအကြိမ် ကျင်းပခြင်းဖြစ်သော်လည်း အပြုသဘော ဆောင်သည့် ရလဒ်များ ထွက်ပေါ်လာစေခဲ့သည်။ ထို့ပြင် နိုင်ငံ၏နယ်မြေပိုင်နက် အတွင်း တူကီယဲတပ်များ ဝင်ရောက်တပ်စွဲထားမှုကြောင့် ဆက်ဆံရေး တင်းမာနေခဲ့သော တူကီယဲနှင့်ဆီးရီးယား ဆက်ဆံရေးကိုပါ တိုးတက်လာစေမည့် အလားအလာများ ထွက်ပေါ်လာစေခဲ့သည့်အပြင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ကြား ကြားဝင်ဖျန်ဖြေပေးခဲ့သည့် ရုရှားအစိုးရ၏ သံတမန်ရေး လွှမ်းမိုးမှုကိုပါ မြင့်တက်လာစေခဲ့ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း