သူငယ်ချင်းတို့အားလုံးအတွက် ဂုဏ်ယူမိပါတယ်

သူငယ်ချင်းတို့အားလုံးအတွက် ဂုဏ်ယူမိပါတယ်

ဝမ်းသာလိုက်တာ သူငယ်ချင်းတို့ရေ

၁၈-၁၁-၂၀၂၂ ရက်နေ့ထုတ် မြဝတီသတင်းစာထဲက ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်တဲ့ အမည်စာရင်းတွေထဲမှာ သူငယ်ချင်းတို့ရဲ့ နာမည်တွေကို တွေ့လိုက်ရလို့ပေါ့။

၂၀၂၂ ခုနှစ် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုဘွဲ့ထူး ဂုဏ်ထူးဆုတံဆိပ်တွေ ပေးအပ်ချီးမြှင့် လိုက်ရတဲ့ အမည်စာရင်းတွေထဲမှာ မဟာသရေစည်သူတစ်ဦး၊ စည်သူ ၄၄ ဦး၊ သီရိပျံချီ၁၃၁ ဦး၊ ဇေယျကျော်ထင် ၁၉ ဦး၊ ဝဏ္ဏကျော်ထင် ၁၃၈ ဦး၊ အလင်္ကာကျော်စွာခုနစ်ဦး အပါအဝင် နယ်ပယ်အစုံ၊ ကဏ္ဍအစုံက တိုင်းကျိုး ပြည်ပြု လူတော်လူကောင်းစုစုပေါင်း ၁၀၀၀ ကျော်ပါဝင်တာ အားရစရာတွေ့ပါတယ်။

လူမျိုးမရွေး ဘာသာမရွေး၊ ပါတီအရောင်အသွေးမခွဲခြားဘဲ ကျောသားရင်သားတစ်သားတည်း တပျော်တပါးကြီး ချီးမြှင့်ပေးလိုက်တာပါ။

ကိုယ့်အနေနဲ့ တခြားဘွဲ့တွေကို သတိမထားမိပေမယ့် “ဝဏ္ဏကျော်ထင်” ဆိုတဲ့ဘွဲ့ကိုတော့ ကိုယ့်အဘိုးနဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။ မေမေ့ရဲ့အဖေ ကိုယ့်ရဲ့အဘိုး သူကောင်းပြုခံရပုံက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။

အဘိုးက အင်္ဂလိပ်ခေတ် မန္တလေးမြို့က ကြေးတိုင်ဝန်ထောက်မင်း ဦးဗမော်ပါ။ ၁၉၄၂ ခုနှစ် ဂျပန်တွေ မန္တလေးမြို့ကိုဗုံးကြဲတော့ အင်္ဂလိပ်ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးနီးပါး ရုံးတံခါးပိတ်ပြီး လွတ်ရာလွတ်ကြောင်း ပြေးကြရတယ်။ အဘိုးဦးဗမော်လည်း မန္တလေးမြို့နဲ့အထက် မြန်မာပြည်က အရေးကြီးမြေပုံတွေကို သေတ္တာတွေထဲ ထည့်၊ ညဉ့်နက်သန်းခေါင်မှာ လျှို့ဝှက်စွာ မြေမြှုပ်ခဲ့ပြီး မိသားစုနဲ့အတူ သူရဲ့ဇာတိဖြစ်တဲ့ မြင်းမူမြို့ အလ္လကပ္ပရွာကို ပြေးခဲ့ကြရတယ်။

အဘိုးအကြောင်းကိုသိတဲ့ ရွာခံဆွေမျိုးတချို့က ဂျပန်တွေ ရာသက်ပန်အစိုးရ လုပ်အုပ်ချုပ်တော့မယ်လို့ ယုံကြည်ကြပြီး အဘိုးကို ဂျပန်အစိုးရထံဝင်လုပ်ဖို့ တိုက်တွန်းကြတယ်တဲ့။ ဂျပန်ခေတ်မှာ အင်္ဂလိပ်အစိုးရ ဝန်ထမ်းတစ်ယောက်ကို သူတို့ကြာကြာလက်မခံရဲကြလို့ပါ။ ဒါပေမဲ့ အဘိုးက မန္တလေးကို မညှာမတာဗုံးကြဲပြီး စစ်ဦးဘီလူးလို ကြမ်းကြမ်းတမ်းတမ်းဝင်လာတဲ့ ဂျပန်တွေကိုမယုံဘူး။ ဒါနဲ့ပဲ ဂျပန်ခေတ် တစ်ခေတ်လုံး ဂျပန်ကင် ပေတိုင်တွေ၊ ဂျပန်အလိုတော်ရိတွေရဲ့ ဘေးရန်မှ လွတ်ကင်းအောင် မိသားစုတစ်သိုက်ကြီးနဲ့ နေရာအမျိုးမျိုး ပြောင်းရွှေ့ ပုန်းရှောင်နေခဲ့ရှာပါတယ်။

သုံးနှစ်သုံးမိုးလုံးလုံး အန္တရာယ်အမျိုးမျိုးကို ရှောင်ပုန်းနေခဲ့ရပြီး ၁၉၄၅ ခုနှစ် မိုးဦးကျတစ်နေ့မှာ  အဘိုးတို့ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအထိ အင်္ဂလိပ်စစ်ဗိုလ်နဲ့ နယ်ဘက်အရာရှိတွေ လာရောက်တွေ့ဆုံကြတယ်။ အဘိုးကို အလုပ် ပြန်ဝင်ဖို့ ဖိတ်ခေါ်အားပေးကြတာပါ။ အဘိုးမြေမြှုပ်ပြီးဝှက်ထားခဲ့တဲ့မြေပုံတွေက ၈၅ ရာခိုင်နှုန်းကျော် ပျက်စီး နေတဲ့ မန္တလေးမြို့ကြီး ပြန်လည်တည်ဆောက်ရာမှာ လွန်စွာအသုံးဝင်ခဲ့တာကိုး၊ ဒါနဲ့ပဲ အဘိုးကို ဂျပန်ခေတ် တစ်လျှောက်လုံးသုံးနှစ်နီးပါး လစာငွေအကုန်လုံးကို Back Date နဲ့ ပြန်ပေးတဲ့အပြင် အင်္ဂလိပ်အစိုးရ ဝန်ထမ်း ကောင်းဆု တစ်ဆုပေးပါတယ်။ နောက် မြန်မာနိုင်ငံလွတ်လပ်ရေးရပြန်တော့ မြန်မာအစိုးရရဲ့ “ဝဏ္ဏကျော်ထင်” ဘွဲ့ထပ်ပြီးရခဲ့ပါတယ်။ ကိုယ့်အမေဆိုရင် ကိုယ့်အဘိုး ဝဏ္ဏကျော်ထင်ဘွဲ့ရတာကို သိပ်ဂုဏ်ယူတာပါ။ “သားတို့ အဘိုးက ဝဏ္ဏကျော်ထင် ဦးဗမော်၊ သာမညကြေးတိုင် ဝန်ထောက်မဟုတ်ဘူး” လို့ ကြုံရင်ကြုံသလို ဂုဏ်ယူတကြီး ပြောပြတတ်လို့ကိုယ်တို့ငယ်စဉ်ကတည်းက နားယဉ်နေခဲ့တာပါ။ “ဝဏ္ဏကျော်ထင်” ဆိုတဲ့ ဘွဲ့ဂုဏ်ထူးကြီး တာလည်း တိုင်းပြည်အပေါ်၊ သတ္တိရှိရှိ သစ္စာရှိတဲ့  လူတွေနဲ့ထိုက်တန်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကြီးတစ်ခုအဖြစ် ငယ်စဉ်ကလေးဘဝကတည်းက  အထင်တကြီးမြတ်နိုးခဲ့တာပါ။  အခုကိုယ့်သူငယ်ချင်း အရင်းကြီးတွေ ကိုယ်တိုင် ရလိုက်တာသိရတော့ မအံ့သြ၊ ဝမ်းမသာဘဲနေပါ့မလားကွာ။ အခု ဂုဏ်ထူးဆောင်ဘွဲ့ထူး၊ ဂုဏ်ထူးရတဲ့ ဆရာသမားတွေ၊ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ညီငယ်တွေဆိုတာအတော်များများက အတွင်းသိ အဆင်းသိ၊ သွေးသောက် အရင်းအချာတွေဖြစ်လို့ မုဒိတာမပွားဘဲ မနေနိုင်ပါဘူး။ သူငယ်ချင်းတို့က တကယ့် ခြောက်ပြစ်ကင်း သဲလဲစင်၊ အကျင့်စာရိတ္တပိုင်ရှင်တွေဖြစ်တဲ့အပြင် ဝန်ထမ်းသက်တစ်လျှောက်လုံး ခလုတ်မထိ ဆူးမငြိအောင် တစ်ကိုယ်ရေ၊ စည်းကမ်းကို တည်တည်တံ့တံ့နဲ့ ထိန်းသိမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ကိုယ်တို့ အသိပါလေ။

နိုင်ငံတော်အစိုးရရဲ့ ဝန်ထမ်းဆိုသူတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘဝကိုမြှုပ်နှံထားကြရသူတွေသာ ဖြစ်ပါတယ်။ ရာထူးတစ်ဆင့်မှတစ်ဆင့်   တိုးတက်ဖို့ဆိုရာမှာ   အများသူငါထင်သလောက်မလွယ်ကူလှပါဘူး။    မိမိတာဝန် ကျေပွန်ရုံလောက်ဆိုရင် အောက်ခြေအဆင့်များကို ကျော်ဖြတ်လာနိုင်ပေမယ့် အထက်ပိုင်းတက်ရောက် လာဖို့ဆိုတာတော့ မိမိတာဝန်ကို ကျေပွန်ရုံသာမက မိမိကျရာအလုပ်တစ်ခုကို ကောင်းသည် ထက်ကောင်းအောင် ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်သူတွေအတွက်သာ အဆင့်မြင့်ရာထူးနေရာဆိုတာရှိတာပါ။ ဒီလိုတာဝန်တွေကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးသာယာဖို့ ကိုယ့်စွမ်းကိုယ့်စရှိသမျှ စေတနာထားပေး ခဲ့ကြသူတွေဟာ သူတို့စေတနာအကျိုးကို သူတို့ပြန်လည် ခံစားကြရရိုးအမှန်ပါ။

သူငယ်ချင်းတို့ အခုလိုဘွဲ့ထူးဂုဏ်ထူးအမျိုးမျိုး  ချီးမြှင့်ခြင်းခံရတယ်ဆိုတာ ဝန်ထမ်းလုပ်သက်နှစ်ပေါင်း  ၄၀  နီးပါး အတွင်းမှာ ပြစ်မှုဆိုလို့ မှဲ့တစ်ပေါက်မစွန်းအောင် မိမိကိုယ်ကိုမိမိ ဆင်ဆင်ခြင်ခြင် ထိန်းသိမ်းနိုင်ခဲ့တဲ့အပြင် ကျရာ တာဝန်မှန်သမျှကိုလည်း ပေါက်ပေါက်မြောက်မြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြလို့ဆိုတာ ယုံမှားစရာ မရှိပါဘူး။

သူငယ်ချင်းတို့ကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအောင်ပွဲနေ့ ပွဲတော်ကြီးမှာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့် တဲ့အတွက် ပို၍ဂုဏ်ယူရပါတယ်။ ကိုယ်တို့ငယ်စဉ်က ရန်ကုန်မှာ ကျင်းပလေ့ရှိတဲ့ တော်လှန်ရေးနေ့ ညစာ စားပွဲကြီးတွေကို ပြေးလို့ သတိရလိုက်မိသေးတော့တယ်။

အဲဒီမှာ ဆရာသမားတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်များစွာကို တစုတဝေးကြီးတွေ့ဆုံပြီး စားကြ သောက်ကြ ရှေးဟောာင်းနှောင်းဖြစ်တွေ ပြောဆိုရတဲ့အရသာက ဘယ်လိုမှ မေ့ရက်စရာမရှိပါလား သူငယ်ချင်း ရယ်။

သူငယ်ချင်းတို့ အခုရရှိလိုက်တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်တွေဆိုတာ ကိုယ့်အဘိုးအတွက် ကိုယ်တို့မိသားစု  အခု အထိ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရသလို သူငယ်ချင်းတို့ ဆွေစဉ်မျိုးဆက်မှာလည်းရာ သက်ပန်ဂုဏ်ယူစရာ မဟာမင်္ဂလာ လာဘ်ကြီးတစ်ပါးအဖြစ် ထာဝရကိန်းဝပ် တည်ရှိနေတော့မှာပါ။ သူငယ်ချင်းတို့ အားလုံးအတွက် ဂုဏ်ယူမိပါတယ်။  ။

မှူးသခင်