ယခုဘောလုံးရာသီ အကုန်တွင် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တိုက်စစ်ကစားသမား ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်နေ
ဘာစီလိုနာအသင်းက ယခုဘောလုံးရာသီ အကုန်တွင် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး မည့် တိုက်စစ်ကစားသမား ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် ဖာမီနိုသည် ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိမ်းအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အစောပိုင်းနှစ်များက အသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် လူစားဝင်ကစား သမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။
လက်ရှိ လီဗာပူးအသင်းတိုက်စစ်ပိုင်းတွင် ဒါဝင် နူနက်စ်၊ ဆာလက်ချ်၊ ဂျိုတာ၊ ဒီယက်နှင့် ဂက်စ်ပိုစသည့် ထိပ်တန်းကစားသမားများ ရှိနေသောကြောင့် ဖာမီနိုအနေဖြင့် ပွဲထွက်ကစားခွင့် ရရှိရန် အခွင့်အရေး ပိုမိုနည်းပါးလာသည့်အတွက် ယခုဘောလုံးရာသီအကုန် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲဖွယ်ရှိနေသည်။
လီဗာပူးအသင်းကလည်း အသင်းတိုက်စစ်ပိုင်းတွင် ကစားသမား အများအပြား ရှိနေသည့်အတွက် ဖာမီနိုကို ယခုဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ဖွယ်ရှိနေပြီး ဘာစီလိုနာအသင်း ကလည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံနေသောကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့်သူများကိုသာ ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။