စိန်ရတုနေ့မှသည် ကမ္ဘာတည်သည့်တိုင်
မြန်မာလူမျိုးတို့သည် ရှေးလွန်လေပြီးသော ပုဂံခေတ်မတိုင်မီ တကောင်းမင်းများ လက်ထက်ကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာတွင် ဝင့်ကြွားစွာရပ်တည်ခဲ့ကြသည်။
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနှင့် အချုပ်အခြာပိုင် နိုင်ငံအဖြစ် တည်ရှိခဲ့သည်မှာ ယနေ့လူငယ်များ အဖို့ အဖိုးမဖြတ်နိုင်သော တန်ဖိုးအနဂ္ဃပင်ဖြစ်သည်။ ဤသို့ဂုဏ်ယူမှုပေါင်းများစွာဖြင့် ပြည့်နှက်နေသော်ငြားလည်း ခေတ်တစ်ခေတ်တွင် မြန်မာလူမျိုးတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများ ဆုံးရှုံးခဲ့ရသည်ကို မြန်မာ့ သမိုင်းတွင် နာကြည်းဖွယ်တွေ့မြင်ခဲ့ရသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ပဒေသရာဇ်စနစ်များဖြင့် အစဉ်အုပ်ချုပ်ခဲ့ပြီး တိုင်းပြည်မှာ အလွန် သာယာဝပြောခဲ့သည်။ တိုင်းပြည်အတွင်း အင်အားကြီးမားသော ရှင်ဘုရင်တို့သည် အင်အားနည်းသည့် မြို့ပိုင်၊ ရွာပိုင်၊ အာဏာပိုင်တို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ယင်းတို့၏ အုပ်ချုပ်မှု အာဏာစက်အောက်သို့ သွတ်သွင်းခဲ့ကြသည်။
မြန်မာ့သမိုင်းတွင် တိုင်းပြည်သာယာဝပြော၍ အင်အားကြီးမားခဲ့သော ခေတ်များအဖြစ် ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်)၊ ဒုတိယမြန်မာနိုင်ငံတော်(တောင်ငူခေတ်)နှင့် တတိယမြန်မာနိုင်ငံတော် (ကုန်းဘောင်ခေတ်)ဟူ၍ ရှိခဲ့သည်။ ကုန်းဘောင်ခေတ်ပျက်သုဉ်းပြီး အေဒီ(၁၉)ရာစုနှောင်းပိုင်းတွင် မြန်မာတို့၏ ကိုယ်ပိုင်လွတ်လပ်ရေးသည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ဤသို့ဖြင့် မြန်မာတိုင်းရင်းသားတို့သည် တိုင်းတစ်ပါး လက်ထဲတွင် သူ့ကျွန်ဘဝဖြင့် နှစ် ၁၀၀ ကျော်နေခဲ့ရသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား အကြောင်းအမျိုးမျိုးပြကာ ကျူးကျော်စစ်ကြီး သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထိုခေတ်က မြန်မာနိုင်ငံ၌ မင်းဧကရာဇ်စနစ်ဖြင့် အုပ်ချုပ်နေသောကာလဖြစ်၏။ တတိယမြန်မာနိုင်ငံကို အစပျိုး တည်ထောင်ခဲ့သောမင်းမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဖြစ်သည်။ မုဆိုးဖို ခေါ် ရွှေဘိုကို ထန်းလုံး ခံတပ်များစတင်တည်ဆောက်ပြီး တဖြည်းဖြည်းချင်း အင်အားကြီးထွားအောင် တိုးချဲ့လာရာမှ ကုန်းဘောင် ပဒေသရာဇ် နိုင်ငံတော် ခေါ် တတိယမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
မြန်မာ့သမိုင်းတွင် ထင်ရှားသောကုန်းဘောင်မင်းဆက်များအဖြစ် အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဉ့်ကူးမင်း၊ ဖောင်းကားစားမောင်မောင်၊ ဘိုးတော်ဘုရား(ဗဒုံမင်း)၊ ဘကြီးတော်(စစ်ကိုင်းမင်း)၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းဟူ၍ ရှင်ဘုရင် ၁၁ ပါး စိုးစံအုပ်ချုပ်ခဲ့သည်။
၁၈၂၄ ခုနှစ် ဘကြီးတော်မင်း(စစ်ကိုင်းမင်း) လက်ထက်တွင် ရှင်မဖြူကျွန်းကိစ္စနှင့်ပတ်သက်၍ အငြင်းပွားရာမှ အင်္ဂလိပ်-မြန်မာပထမအကြိမ်စစ်ပွဲစတင်ခဲ့လေသည်။ နှစ်နှစ်အကြာ ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ စစ်ပြေငြိမ်း ၍ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးဆုံးခဲ့လေသည်။ စစ်ပွဲတွင် မြန်မာတို့အရေးနိမ့်ခဲ့သောကြောင့် အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီဒေသတို့ကို အင်္ဂလိပ်တို့အားပေးအပ်ခဲ့ရသည်။
၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် အခွန်ရှောင်သည်ဟု သံသယရှိသော ဗြိတိသျှသင်္ဘောကပ္ပတိန်နှစ်ဦးအား ရန်ကုန်မြို့ဝန်က ဒဏ်ကြေးသတ်မှတ်ခြင်းကို မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်-မြန်မာကျူးကျော်စစ်သို့ ဦးတည်ခဲ့သည်။ စစ်ပွဲတွင် မြန်မာတို့တစ်ဖန်အရေးနိမ့်ပြန်၍ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီဒေသတို့ပါဝင်သော အောက်မြန်မာနိုင်ငံအား မြန်မာတို့လက်လွှတ်ခဲ့ရပြန်သည်။
၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက်တွင် မြန်မာအစိုးရမှ ဘုံဘေဘားမားကုမ္ပဏီသစ်ခိုးမှုအား ဒဏ်ရိုက်ခဲ့ခြင်းကို အင်္ဂလိပ်တို့အနေဖြင့် မကျေနပ်သည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ဤတွင် အင်္ဂလိပ်-မြန်မာ တတိယအကြိမ်စစ်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာတို့အရေးနိမ့်ပြန်၍ ထီးနန်းဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အိန္ဒိယဘုရင်ခံချုပ်လော့ဖ်ဒပ်ဖရင့်က မြန်မာနိုင်ငံအား သူ့ကျွန် ဘဝသို့ သွတ်သွင်းလိုက်ပြီဟု ကြေညာခဲ့သည်။ ထိုနေ့မှစ၍ မြန်မာတိုင်းရင်းသား အားလုံးလွတ်လပ်မှု အခွင့် အရေးများ ဆုံးရှုံးခဲ့ရလေတော့သည်။
လွတ်လပ်ရေးဆုံးရှုံးခဲ့သော ၁၈၈၆ ခုနှစ်မှစ၍ မြန်မာတိုင်းရင်းသားတို့သည် နယ်ချဲ့အင်္ဂလိပ်တို့ကို နည်းမျိုးစုံဖြင့် ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ နယ်ချဲ့တို့သိမ်းပိုက်သောအခါတွင်လည်း မြန်မာတို့သည် အနိုင်မခံအရှုံးမပေးလိုသော မြန်မာ့ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် လက်နက်အင်အားချင်းမမျှတမှု၊ နည်းပညာအင်အားမမျှတခြင်းတို့ကြောင့် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ရင်နင့်စွာ ကျရောက်ခဲ့ရသည်။
နယ်ချဲ့မျက်နှာဖြူတို့၏ ရက်စက်ကြမ်းကြုတ်မှုအမျိုးမျိုးကို မခံမရပ်နိုင်ဖြစ်ခဲ့ကြသော မျိုးချစ်မြန်မာလူမျိုးတို့သည် ရရာနည်းဖြင့် လက်နက်စွဲကိုင်တော်လှန်မှုများ မြန်မာပြည်အနှံ့ပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းနှင့် ပြန်လည်ရယူရန် ခက်ခဲနေရခြင်းမှာ ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်မရှိခဲ့ခြင်းဟူသော အချက်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သိခဲ့ကြလေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ အကူအညီကိုရယူပြီး တို့ဗမာအစည်းအရုံးဝင် မျိုးချစ်လူငယ်များဖြစ်သော ရဲဘော်သုံးကျိပ်အား ၁၉၄၁ နှစ်ဦးပိုင်းမှစ၍ ဂျပန်နိုင်ငံ ဟိုင်နန်ကျွန်းသို့ စစ်ပညာသင်ကြားစေရန် အသုတ်လိုက်ခွဲစေလွှတ်ခဲ့သည်။
မြန်မာတိုင်းရင်းသားတို့သည် နယ်ချဲ့တို့အား ဒေသအနှံ့ရရာ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပါဝင်သော ရဲဘော်သုံးကျိပ်ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)ကိုဖွဲ့စည်းကာ ဂျပန်တပ်မတော်၏ အကူအညီဖြင့် ဗြိတိသျှနယ်ချဲ့အား စတင်တော်လှန် တိုက်ထုတ်ခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် ရရာလက်နက်စွဲကိုင်တော်လှန်မှုများထဲမှ အထင်ရှားဆုံးနှင့် အထိရောက်ဆုံးသော အင်အားစုမှာ သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇဦးစီး တည်ထောင်ဖွဲ့စည်းခဲ့သော လက်ရှိ မြန်မာ့တပ်မတော်၏ အရင်းခံဖြစ်သော BIA (Burma Independence Army) ဗမာ့လွတ်လပ်ရေး တပ်မတော်ပင် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာတိုင်းရင်းသားခေါင်းဆောင်များ၏ စုစည်းကြိုးပမ်းခဲ့မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နယ်ချဲ့လက်မှ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ မြန်မာသက္ကရာဇ်အရ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်တွင်ဖြစ်၏။ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သောနေ့မှသည် လွတ်လပ်ရေးရသည်အထိ မြန်မာတိုင်းရင်းသားတို့၏ အသက်သွေးချွေးပေါင်းမြောက်မြားစွာလွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့ရသည်။
ဤသို့ဖြင့် လွတ်လပ်ရေးရယူပေးခဲ့သော မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲတို့သည် မိမိနိုင်ငံတွင် ခေတ်မီမျိုးချစ် တပ်မတော်တစ်ရပ်ရှိရန် လိုအပ် သည်ကို သမိုင်းပေးသင်ခန်းစာအရ စွဲနစ်အောင်သိရှိထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ ပြည်တွင်းရန်၊ ပြည်ပရန် အသီးသီးကို အကာအကွယ်ပေးမည့် တပ်မတော်မှာလည်း ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန် လိုအပ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ၎င်းတို့၏ တပ်မတော်များကို နေ့စဉ်လူအင်အား၊ စစ်လက်နက်နှင့် နည်းပညာ အင်အားတို့ကို တိုးတက်အောင် အစဉ်ကြိုးပမ်းတည်ဆောက်နေကြသည်။ ထို့အတူ ယနေ့မြန်မာ့တပ်မတော်၏ အကြီးအကဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်လည်း မိမိတို့တပ်မတော်ကြီးအား ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ပေါ်ထွန်းရေး အပတ်တကုတ် ကြိုးစားတည်ထောင်နေသည်ကို တွေ့မြင်ရသည်။
မြန်မာ့တပ်မတော်သည် သမိုင်းပေးတာဝန်အရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ် စောင့်ရှောက်သူ (Guardian) အဖြစ် အမြဲတမ်းတည်ရှိသွားမည်ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် “တပ်မတော် သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့တပ်မတော်ကြီးသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ တိုင်းပြည်ယိမ်းယိုင် ပျက်စီးလုနီးပါး အချိန်တိုင်း၌ တာဝန်ယူခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာခဲ့သော မြန်မာ့တပ်မတော်ကြီးသည် ခေတ်အဆက် ဆက်တွင်လည်း အမိတိုင်းပြည်အပေါ်သို့ ကျရောက်ခဲ့သော ဘေးရန်မှန်သမျှတို့ကို ဦးဆောင်တွန်းလှန်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် တပ်မတော်သည် ပြည်သူလူထုအကျိုးစီးပွားကို အစဉ်ဦးထိပ်ထား ကာကွယ်လျက်ရှိသည် ကိုလည်း တွေ့ရသည်။ တပ်မတော်ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုနှင့် မြန်မာတိုင်းရင်းသား ပြည်သူလူထု အများစုတို့၏ လိုလားတောင်းဆိုမှုတို့ကြောင့် ၂၀၁၀ ပြည့်နှစ်မှစ၍ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်အား အုပ်ချုပ်ခဲ့သည်။ ပြည်သူလူထုမှ ရွေးချယ်အုပ်ချုပ်ရသော ပြည်သူ့အစိုးရ အဖွဲ့များမှ အုပ်ချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အခြေခံ၍ နိုင်ငံတော်အား ဒီမိုကရေစီအစိုးရနှစ်ဆက်အုပ်ချုပ်ခဲ့သည်ကို တွေ့ရသည်။ ၈-၁၁-၂၀၂၀ ရက်တွင် တတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရခဲ့မှုနှင့် မဲမသမာမှုဖြစ်စဉ်များ များစွာပေါ်ပေါက်ခဲ့သည်။ အဆိုပါ မဲမသမာမှုဖြစ်စဉ်များအား ဖြေရှင်းပေးရန် တပ်မတော်မှ အကြိမ်ကြိမ်တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။ ထို့ပြင်နိုင်ငံတစ်ဝန်း၌ မဲစာရင်းများမှားယွင်းနေမှုနှင့် မဲမသမာမှုဖြစ်စဉ်များအား ဖြေရှင်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုများလည်း ရှိခဲ့သည်ကိုတွေ့ရသည်။
သို့သော် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာအား အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဤသို့ပြုလုပ်ခဲ့မှုကြောင့် တပ်မတော်မှဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များပါ ပုဒ်မ ၄၁၇ အရနိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာအရပ်ရပ်အား ၁-၂-၂၀၂၂ ရက်မှစ၍ တာဝန်ယူခဲ့သည်။
တပ်မတော်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကိုရယူပြီးနောက် ပြည်ပအားကိုးမီဒီယာများနှင့် အမှောင်ထဲမှလူတချို့၏ သွေးထိုးမှုကြောင့် ယနေ့မြန်မာနိုင်ငံရှိ ဒေသအများစုတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများမှတစ်ဆင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရယူပြီးချိန်မှ ယနေ့အချိန်ထိ အမျိုးမျိုးသော ဆူပူအကြမ်းဖက်မှုများ ကြုံလာရ သည့် အချိန်တိုင်း တပ်မတော်မှ တာဝန်ယူဖြေရှင်းခဲ့သည်ကို တွေ့ရသည်။ တိုင်းရင်းသား ပြည်သူလူထု အပေါင်းတို့ အနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများအား နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် အမျိုးသားရေးလုပ်ငန်းစဉ်(၂) ရပ် အောင်မြင်စေရေးအတွက် တပ်မတော်နှင့်အတူလက်တွဲပြီး ပူးပေါင်းနှိမ်နင်းကြရမည်ဖြစ်သည်။ သို့မှသာ တိုင်းပြည်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်း ကားလာမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် မြန်မာတိုင်းရင်းသားတို့အဖို့ လွတ်လပ်ရေးရယူခဲ့သည်မှာ ၇၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတော် အစိုးရသည်လည်း စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအပါအဝင် ဘွဲ့တံဆိပ်အပ်နှင်းခြင်းများနှင့် ထူးချွန်ဆုပေးအပ် ချီးမြှင့်ခြင်း အစီအစဉ်များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဤသို့ထူးမြတ်လှသော လွတ်လပ်ရေးနေ့ အခါသမယ၌ ဌာနဆိုင်ရာ အသီးသီးနှင့် မြို့၊ ရွာအနှံ့တွင်လည်း လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲများ ကျင်းပကြမည် မှာ မုချမလွဲပင်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အလွန်အရေးပါပြီး တရုတ်နှင့် အိန္ဒိယကဲ့သို့သော အင်အားကြီးနိုင်ငံများအကြား တည်ရှိလျက်ရှိသည်ကို တွေ့ရသည်။ “နွားကွဲလျှင် ကျားဆွဲခံရမည်”ဆိုသည့် ရှေးမြန်မာလူကြီးများ၏ ဆိုရိုးစကားအတိုင်း မိမိတို့တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှုမရှိဘဲ စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်နေပါက အမိတိုင်းပြည်အပေါ် တိုင်းတစ်ပါးနိုင်ငံများ၏ မထီမဲ့မြင် ဆက်ဆံမှုများနှင့် အစဉ်တိုးတက်လျက်ရှိသော ယနေ့ကမ္ဘာတွင် ကျွန်ုပ်တို့တိုင်းပြည်အား ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လာမှုများ ကြုံတွေ့လာမည်ဖြစ်သည်။
ယနေ့မြန်မာ့တပ်မတော်နှင့် နိုင်ငံတော်၏ အကြီးအကဲဖြစ်သူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ကောင်စီဝင်များ၊ နိုင်ငံတော်အဆင့်အစည်းအဝေးနှင့် ပြည်ထောင်စုဝန်ကြီးများ၏ အစည်းအဝေးများသို့ တက်ရောက်ချိန်တိုင်းတွင် “ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည်” ဟူသောစကားကို အမြဲမြွက်ကြားလေ့ရှိသည်။ နိုင်ငံ့ခေါင်းဆောင်ကြီးသည် မြန်မာနိုင်ငံရှိ ပြည်သူ လူထုနှင့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များအား မိမိတို့တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ် ကြရန်နှင့် ပြည်တွင်း၌ထုတ်လုပ်သော ပြည်တွင်းဖြစ်ပစ္စည်းများကိုသာ အားပြုသုံးစွဲကြရန် အမြဲမှာကြားလေ့ရှိသည် ကိုလည်း တွေ့ရသည်။
ကျွန်ုပ်တို့တိုင်းပြည်ကြီးအနေဖြင့် လွတ်လပ်ရေးရယူခဲ့သည်မှာ (၇၅)နှစ်ပြည့်မြောက်ခဲ့သော်လည်း မြန်မာတိုင်းရင်း သားတို့သည် ရရှိခဲ့ပြီးသော လွတ်လပ်ရေးအသီးအပွင့်များကို အပြည့်အဝမခံစားကြရသေးပေ။ နယ်ချဲ့တို့၏ ပြည်မ၊ တောင်တန်းသွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ယနေ့အချိန်ထိ တိုင်းရင်းသားလူမျိုးအချင်းချင်းကြားတွင် စိတ်ဝမ်းကွဲမှု၊ ယုံကြည်မှု ကင်းမဲ့မှုများရှိနေသည်ကို တွေ့ရသည်။ အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များအနေဖြင့် နောင်လာ နောက်သားတို့အတွက် လွတ်လပ်ရေးတန်ဖိုးနှင့် တိုင်းရင်းသားပြည်သူလူထုတို့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး အကျိုးကိုမြော်တွေးကာ မိမိတို့ဖြတ်သန်းခဲ့သော အတွေ့အကြုံဆိုးများကို သင်ခန်းစာယူ၍ ငြိမ်းချမ်းရေး တည်ဆောက်ရန် လိုအပ်သောအချိန်အခါသို့ ရောက်ရှိနေပါပြီ၊ မိမိတို့ကြုံတွေ့ခဲ့ရသော မငြိမ်းချမ်းခြင်း၏ အကျိုးဆက်ကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေး ရယူတည်ဆောက်ကြရန်နှင့် ဘိုးဘွားတို့၏ အမွေအနှစ်ဖြစ်သော လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့တည်တံ့စေရန် အစဉ်စောင့်ထိန်းရန်မှာ တိုင်းရင်းသားအားလုံးတို့၏ သမိုင်းပေး တာဝန်ပင်ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးကို ရယူတည်ဆောက်ကြပါစို့ဟူ၍ တိုက်တွန်းအကြံပြုလိုက်ရပါကြောင်းနှင့် အတိတ်ရဲ့ သင်ခန်းစာ များကို နာကြည်းဖွယ်အတုယူကြ၍ တိုင်းပြည်လွတ်လပ်ရေး ထာဝစဉ်အဓွန့်ရှည်အောင် ဝိုင်းဝန်းစောင့်ထိန်း ရမည်မှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ကိုနေ(ထီလာမြေ)