လွတ်လပ်ရေးအမွေ ထာဝစဉ်ထိန်းသိမ်းကြစို့မသွေ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုဆောင်းပါး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပျူခေတ်၊ သရေခေတ္တရာခေတ်များမှအစပြု၍ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်ခေတ်ထိတိုင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်လာခဲ့သည်။ မြန်မာ့မြေပေါ်တွင် နယ်မြေဒေသအလိုက် ဘာသာစကား၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် လူမျိုးနွယ်အမည်နာမ အမျိုးမျိုးကွဲပြားသော်လည်း မြန်မာတိုင်းရင်းသားအားလုံးသည် ရှေးပဝေသဏီကပင် ဝံသာနုရက္ခိတတရားနှင့်အညီ မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ ပေါင်းစည်း နေထိုင်လာခဲ့ကြသည်။
မြန်မာ့သမိုင်းတွင် စည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော နိုင်ငံတော်အဖြစ် သုံးကြိမ်ပေါ်ထွန်းခဲ့ သည်။ အနော်ရထာမင်းစော (အေဒီ၁၀၄၄-၁၀၇၇) တည်ထောင်သည့် ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်(အေဒီ ၁၅၅၀-၁၅၈၁)တည်ထောင်သည့် ဒုတိယမြန်မာနိုင်ငံတော်၊ အလောင်းဘုရား(အေဒီ ၁၇၅၂-၁၇၆၀)တည်ထောင် သည့် တတိယမြန်မာနိုင်ငံတော်တို့ ဖြစ်သည်။ ထိုကာလများအတွင်း၌ မြန်မာတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ပြီး သံတမန်ရေး အဆင်ပြေညီညွတ်သည်။ အထူးသဖြင့် စစ်ရေးဂုဏ်ရှိန် အထူးထက်မြက် ထွန်းပြောင်သည်။ နိုင်ငံတော်ကို မည်သူမှရန်မစရဲဘဲ ရန်စလာပါကလည်း ပြည်သူ့စွမ်းပကားဖြင့် အပြီးတိုင် လက်စတုံး ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။
သို့ရာတွင် အေဒီ ၁၉ ရာစု၌ နယ်ချဲ့အင်္ဂလိပ်တို့သည် သယံဇာတပေါကြွယ်ဝပြီး စားရေရိက္ခာပြည့်စုံဖူလုံလှသော မြန်မာနိုင်ငံအားသိမ်းပိုက်ရန် အကြောင်းမရှိအကြောင်းရှာကာ စစ်ပွဲသုံးကြိမ်ဖန်တီး၍ ကိုလိုနီနယ်ချဲ့ခဲ့ကြသည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် သီပေါမင်းပါတော်မူပြီးချိန်မှစ၍ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ ကျူးကျော်စစ်စတင်ဆင်နွှဲလာသည့် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်ကပင် သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား သူရဲကောင်းတို့သည် ရရာလက်နက်စွဲကိုင်လျက် နယ်ချဲ့တို့အားအသက်စွန့်၍ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ အင်္ဂလိပ်တို့အနေဖြင့် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ၁၀ နှစ်ကျော်ကြာသည်အထိ အထိအခိုက်၊ အကျအဆုံးများစွာရင်းနှီးကာ နှိမ်နင်းခဲ့ရသည်။ နောက်ဆုံးတွင် လူအင်အား၊ လက်နက် အင်အား မမျှခြင်း၊ စနစ်တကျစုဖွဲ့လေ့ကျင့်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ကြုံသလို ခုခံတိုက်ခိုက်ရခြင်းတို့ကြောင့် မြန်မာတို့ အားမတန်မာန်လျှော့ခဲ့ကြရသည်။
ကျွန်ဘဝတွင် နယ်ချဲ့တို့၏ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်ခြင်း၊ အုပ်ချုပ်ရေးယန္တရား၌ အင်္ဂလိပ် အရာရှိများနှင့် အင်္ဂလိပ်စာတတ် အိန္ဒိယသားများသာ လွှမ်းမိုးထားစေခြင်းတို့ကြောင့် မြန်မာလူမျိုးတို့ ဆင်းရဲတွင်း နက်ခဲ့ကြသည်။ ကျွန်ပညာရေးစနစ်ဖြစ်သောအင်္ဂလိပ်လိုတတ်ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ အင်္ဂလိပ်စိတ် ပေါက်သောလူတန်းစားကို မွေးထုတ်ပေးနိုင်သည့် ပညာရေးကိုသာ ကျင့်သုံးသည်။ ရုံးသုံးအင်္ဂလိပ်စာကို မဏ္ဍိုင်ပြု သင်ကြားသဖြင့် မြန်မာစာပေ၏ အရေးပါမှုမှေးမှိန် ပျောက်ကွယ်သွားသည်။ ယခင်ကအားကောင်းခဲ့သော ရိုးရာယဉ်ကျေးမှု၊ ရိုးရာဂီတ၊ အနုပညာနှင့်လက်မှုပညာများ ဆိတ်သုဉ်းသွားသည်။ နယ်ချဲ့တို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို အိန္ဒိယကိုလိုနီနယ်မြေ၏ လက်အောက်ခံပြည်နယ် တစ်ခုသဖွယ် သတ်မှတ်လျက် စိတ်ကြိုက်ခြယ်လှယ်ကာ ကုပ်သွေးစုပ်ခဲ့သည်။ မြန်မာဟူသောလူမျိုး၊ ဓလေ့စရိုက်၊ အစဉ်အလာ နှင့် အခွင့်အရေးများ လုံးဝဆုံးရှုံးခဲ့ရသည်။
ထိုသို့အဖိနှိပ်ခံ အခြေအနေမျိုးတွင် မြန်မာမျိုးချစ်လူငယ်များဖြစ်ကြသော ဦးဘဘေ၊ ဦးမောင်ကြီး (ဆာမောင်ကြီး)နှင့် ဒေါက်တာဘရင်တို့ဦးစီး၍ ၁၂၆၈ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက် (ကြာပသတေးနေ့)၁၉၀၆ ခုနှစ် မေလ ၁၀ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)ကို တည်ထောင်လိုက်သည်။ အသင်းကြီး၏ ကြွေးကြော်သံမှာ အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကို အားပေးပါဟူ၍ ဖြစ်သည်။ ရည်ရွယ်ချက်မှာ “အမျိုး၊ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြှင့်ရေး” ပင်ဖြစ်သည်။ ထိုသို့အမျိုးသားရေး စိတ်ဓာတ်မြှင့်တင်ပေးမှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွင် ပထမဆုံး အောင်မြင်မှု ရယူနိုင်ခဲ့သော “ပထမကျောင်းသားသပိတ်ကြီး” သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် ပေါ်ပေါက်လာခဲ့သည်။
တစ်ဆက်တည်းမှာပင် ဝံသာနုရက္ခိတစိတ်ထားနှင့် မျိုးချစ်စိတ်ကိုအခြေခံသော မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ၁၉၃၀ ပြည့်နှစ် ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား အရေးတော်ပုံ၊ ၁၉၃၀ ပြည့်နှစ် တို့ဗမာ အစည်းအရုံးလှုပ်ရှားမှု၊ ၁၉၃၈ ခုနှစ်၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ၊ ၁၉၃၉ ခုနှစ်တို့ဗမာအစည်းအရုံး၏ “အင်္ဂလိပ်အခက် ဗမာအချက်” လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ အမျိုးသားကျောင်းများ မြန်မာနိုင်ငံ အနှံ့ပေါ်ထွန်းလာခဲ့ရာ ထိုအမျိုးသားကျောင်းများက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ခေါင်းဆောင်များ၏ အတွေးအမြင်ကြွယ်ဝ ထက်သန်လာမှု အရ အင်္ဂလိပ်ကို လက်နက်ကိုင်ဆန့်ကျင်မှသာ မြန်မာ့လွတ်လပ်ရေးအမြန်ဆုံးရရှိမည်ကို သိမြင်လာကြသည်။
၁၉၄၁ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်တို့သည် ဂျပန်အကူအညီဖြင့် စစ်ပညာ သင်ကြားခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကိုဖွဲ့စည်းပြီး ဘီအိုင်အေသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာပြည်အတွင်းသို့ဝင်ရောက်ကာ ပြည်သူတစ်ရပ်လုံး၏ အားပေး ကူညီမှုနှင့်အတူ နယ်ချဲ့တို့အား မြန်မာ့မြေမှ မောင်းထုတ်လိုက်ကြသည်။ ဖက်ဆစ်ဂျပန်တို့လက်ထက်တွင် ဂျပန်တို့၏ ပြည်သူတစ်ရပ်လုံးအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ ရက်စက်ယုတ်မာမှုများ ကျူးလွန်လာသဖြင့် မြန်မာ့ တပ်မတော်သည် ပြည်သူတစ်ရပ်လုံးနှင့်အတူ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ဆင်နွှဲကာ ဂျပန်တို့ကို တိုက်ထုတ်လိုက်ကြသည်။
ဂျပန်တို့ဆုတ်ခွာအပြီး နယ်ချဲ့အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ ပြည်နယ်နှင့်ပြည်မ၊ တောင်တန်းနှင့် မြေပြန့်သွေးခွဲအုပ်ချုပ်မှုကို ပြန်လည်အသက်သွင်းခဲ့သည်။ သို့ရာတွင် မြန်မာအမျိုးသား ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းချက်ကြောင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး တစ်ပြည်လုံး လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အတိအလင်း ထုတ်ဖော်ပြသလိုက်သည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည်။
ဆက်လက်၍ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် နု-အက်တလီစာချုပ်ချုပ်ဆိုပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာရပ်တည်လာနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် ကျွန်ုပ်တို့နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထူးခြားလေးနက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယဖြစ်သည်။ (၇၅)နှစ်တိုင် ဖြတ်သန်းခဲ့သည့် လွတ်လပ်ရေး၏ လေးနက်မှု၊ တန်ဖိုးရှိမှု၊ ကောင်းမွန်မှုဟု ဆိုအပ်သော အနှစ်သာရများတွင် အဓိကအကျဆုံးအနှစ်သာရမှာ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို အခြေခံသည့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု စွမ်းပကားဖြစ်သည်။ အတိတ်သမိုင်းကြောင်းအရ နိုင်ငံတော်အတွင်း ပေါင်းစည်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး ချစ်ကြည်စည်းလုံးမှုကို တည်ဆောက်နိုင်သည့် ကာလများတွင် နိုင်ငံအင်အားတောင့်တင်း ခိုင်မာပြီး သာယာဝပြောခဲ့သော်လည်း အချင်းချင်းစည်းလုံးညီညွတ်မှု လျော့နည်းလာသည့် ကာလများတွင်မူ နိုင်ငံအင်အား ဆုတ်ယုတ်ကာ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ မြန်မာတစ်မျိုးသားလုံး နယ်ချဲ့နှင့် ဖက်ဆစ် လက်အောက် ကျရောက်ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ မျိုးချစ်ဘိုးဘွားမိဘများသည် ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားစွာ လွတ်လပ်ရေးကြီးကို အရယူပေးခဲ့ကြသည်။ လွတ်လပ်ရေး အမွေသည် အသက်တမျှ တန်ဖိုးအနဂ္ဃထိုက်တန်လှသဖြင့် တစ်မျိုးသားလုံး၏ ပေါင်းစည်းအားဖြင့် ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်သည်။
အတိတ်သမိုင်းအရ တစ်ခဏအတွင်း နယ်ချဲ့လက်အောက်ကျရောက်လျက် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော်လည်း လွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတွ အာဇာနည် ခေါင်းဆောင်ကြီးများ အပါအဝင် မျိုးချစ်သူရဲကောင်းများစွာတို့၏ အသက်ပေါင်းများစွာကို ပေးဆပ်ရင်းနှီးပြီး နှစ်ရှည်လများ ကျားကုတ် ကျားခဲ ကြိုးစားခဲ့ရသည်။ နယ်ချဲ့လက်အောက် တစ်ခဏအတွင်း ကျရောက်ခံရခြင်းသည် ထိုစဉ်က တိုင်းပြည် ရန်ကို ကာကွယ်ရန်အင်အား တောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်မရှိ၍ဖြစ်ကြောင်း သမိုင်းသုတေသီတို့ ဖော်ထုတ် လက်ခံထားကြသည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားခဲ့ပြီး လွတ်လပ်ရေးရပြီး မရှေးမနှောင်းမှာပင် ပေါ်ပေါက်လာသော ပြည်တွင်းရောင်စုံသောင်းကျန်းမှု အရပ်ရပ်ကို သုတ်သင်ချေမှုန်းရာတွင်လည်းကောင်း၊ သမိုင်းတစ်လျှောက် တိုင်းပြည်အရေးကြုံလာတိုင်း လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးတော့မည့် အခြေအနေများတွင် အချိန်မီကယ်တင် စောင့်ရှောက်ရာတွင်လည်းကောင်း အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့သလို နိုင်ငံတော်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ပင်မကာကွယ်ရေး စွမ်းအားစုကြီးလည်းဖြစ်ပေရာ မြန်မာ့တပ်မတော်ကို ခေတ်မီအင်အား တောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက်ရေးမှာ မလွဲသောသမိုင်းပေး သင်ခန်းစာတစ်ရပ်ပင် ဖြစ်သည်။
နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့ခြင်းသည် ယနေ့ထိတိုင် တိုင်းရင်းသားများအကြားတွင် ကျန်ရစ်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စစ်အေးခေတ်နှောင်းပိုင်းကာလများ၌ နိုင်ငံကြီးအချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းတို့၏ သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များမွေးမြူပြီး ဦးစွာပထမ လူမျိုးရေး၊ ဘာသာရေး နောက်ပိုင်း တွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး စသည့်အကြောင်းပြချက်များဖြင့် အားပေးအားမြှောက်ပြုလျက် ၎င်းတို့၏ သြဇာခံလောင်းရိပ်အောက်သို့ သွတ်သွင်းနိုင်ရေး ကြိုးစားလျက်ရှိသည်။ ကမ္ဘာပေါ်တွင်တည်ရှိသော ကျွန်ုပ်တို့ မြန်မာနိုင်ငံအပါအဝင် ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံများအနေဖြင့် မိမိတို့ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်သည်ကို နိုင်ငံတကာသင်ခန်းစာယူ၍ အလေးထားသတိပြုကြရေး အထူးပင်လိုအပ်လှသည်။ မျက်မှောက်ကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စုစည်းညီညွတ်စွာ အကောင်အထည်ဖော်မှသာ နိုင်ငံတော်လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့မည်ဖြစ်သည်။ ထို့အတူ “ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်” ဆိုသောဆောင်ပုဒ်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် တစ်နည်း ဆိုရသော် “ပြည်ထောင်စုစိတ်ဓာတ်” ကိန်းအောင်းလျက် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိအောင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်သည်။ သို့မှသာ ဘိုးဘေးတို့ အသက်သွေးချွေးပေါင်းမြောက်မြားစွာ ပေးဆပ်ရယူကာ လက်ဆင့်ကမ်းပေးခဲ့သော လွတ်လပ်ရေးအမွေကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဦး(ပဲခူး)