အရေးတကြီးထိန်းသိမ်းဖို့ လိုလာတဲ့ ကမ္ဘာကြီးရဲ့အဆုတ်များ
ယမန်နေ့မှအဆက် အထက်မှာပြောခဲ့သလို ပြုန်းတီးသွားတဲ့မိုးသစ်တောတွေကို ပြန်စိုက်နိုင်တယ်ဆိုပေမယ့်လည်း ပြန်မရနိုင်တာက နဂိုရှိခဲ့တဲ့အပင်မျိုးစိတ်တွေ ဖြစ်ပါတယ်။ တချို့အပင်မျိုးစိတ်တွေရဲ့အစေ့ကတော့ မြေကြီးပေါ်မှာကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်ပေမယ့် ပျက်စီးသွားတဲ့ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်လည်ရှင်သန်လာတဲ့ အပင်ကတော့ အရင်ကလို မျိုးရိုးဗီဇတွေနဲ့ရှင်သန်မှာ မဟုတ်တာတော့အမှန်ပါပဲ။ မိုးသစ်တောတွေက လူသားတွေကိုအကျိုးပြုနေတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ဒီသစ်တောတွေဟာ ရေသံသရာလည်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ရေသံသရာလည်တယ် ဆိုတာကတော့ ယေဘုယျအားဖြင့်ပြောရရင် အပင်တွေဟာ သူတို့ရဲ့အရွက်တွေကနေတစ်ဆင့် ရေကိုထုတ်ပေးပါတယ်။ ထွက်လာတဲ့ရေဟာ နေရောင်ခြည်ကြောင့် ရေခိုးရေငွေ့အဖြစ် အပေါ်ကိုတက်သွားပါတယ်။ ပြီးတဲ့အခါမှာ မိုးအဖြစ် ပြန်လည်ရွာသွန်းပါတယ်။ ဒီလိုရေသံသရာ လည်မှုမရှိရင် အဆိုးဆုံးဖြစ်လာနိုင်တာကတော့ မိုးခေါင်ရေရှားမှုပဲ ဖြစ်ပါတယ်။ တကယ်လို့သာ မိုးသစ်တောတွေ ပျက်စီးပြုန်းတီးမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ စိုက်ပျိုးရေးဧရိယာတွေဟာ ရေခန်းခြောက်မှုနဲ့ သေချာပေါက် ကြုံတွေ့ရမှာပါ။ ဒီလိုဆိုရင် သီးနှံတွေလည်း ဖြစ်ထွန်းအောင်မြင်မှု မရှိတော့ဘဲ အစာရေစာရှားပါး ပြတ်လပ်လာနိုင်ပါတယ်။
အဲဒီလိုရှားပါးမှုကို တလွဲဆံပင်ကောင်းပြီး ဖြေရှင်းပုံက သီးပင်စားပင်တွေကို ဓာတုဆေးရည်တွေသုံးပြီး ကြီးထွားရှင်သန်အောင် လုပ်လာကြပါတယ်။ အဲဒါရဲ့အကျိုးဆက်ကတော့ လူသားတွေဟာ ရောဂါဘယထူပြောပြီး အသက်တို လာပါတော့တယ်။ ဒါ့အပြင် သစ်ပင်သစ်တောတွေဆိုတာ ရေလွှမ်းမိုးမှု၊ ရေကြီးရေလျှံမှု၊ မြေပြိုကျမှု စတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ သဘာဝအတားအဆီးတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အလွန်တရာများပြားလှတဲ့မိုးရေတွေကို သစ်ပင်တွေက စုပ်ယူထိန်းသိမ်းပေးပါတယ်။ မြေကြီးတွေ ကိုလည်း သူတို့ရဲ့အမြစ်တွေနဲ့စပ်ယှက်ပြီး ထိန်းထားတဲ့အတွက် မြေပြိုကျမှုကို အလွယ်တကူ မဖြစ်စေပါဘူး။ လူသားတွေအပေါ် မိုးသစ်တောတွေအကျိုးပြုတဲ့ နောက်ဆုံးအချက်တစ်ချက်ကတော့ ကမ္ဘာပေါ်မှာအကြီးဆုံးသော မြေပြင်အထက်ရှိ ကာဗွန်ဒိုင်အောက်ဆိုက်သိုမှီးရာ နေရာအဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာ လူသားတွေရှူလို့မရတဲ့ လေဖြစ်ပါတယ်။ ဒီလေကို သစ်ပင်တွေကစုပ်ယူပြီး လူသားတွေအတွက် အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတာပါ။ တစ်ဖက်ကကြည့်မယ်ဆိုရင် သစ်ပင်တွေဟာ လူသားတွေရဲ့အသက်ကို ကယ်ဆယ်ထားတဲ့ ကျေးဇူးရှင်လို့ တောင်မှ ပြောနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ကာကွယ်ပေးတဲ့ အခန်းကဏ္ဍမှာ အဓိက ပါဝင်နေတာကလည်း မိုးသစ်တောတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာဆိုရင် အပူပိုင်းမိုးသစ်တောတွေ ဆုံးရှုံးမှုနှုန်းဟာ ရုတ်တရက်ဆိုသလို မြင့်တက်လာပါတယ်။ ဘရာဇီးလိုမျိုးနိုင်ငံတွေမှာဆိုရင် လူတွေက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့အတွက် မိုးသစ်တောဧရိယာတွေကို ထိပါးပြီး မြေရှင်းခြင်းတွေ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မသိတာက မိုးသစ်တောဧရိယာမှာရှိတဲ့ မြေကြီးတွေဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလို့ မဖြစ်ထွန်းနိုင်တဲ့မြေ ဖြစ်တယ်ဆိုတာပါပဲ။ ဒါ့အပြင် အဲဒီမြေတွေဟာ သြဇာဓာတ်တွေ အလွန်နည်းပါးတယ်ဆိုတာ ကိုလည်း လူတွေကမသိကြပါဘူး။
အဲဒီတော့ မိုးသစ်တောမြေပေါ်မှာရှိတဲ့ ကောက်ပဲသီးနှံတွေဟာ တစ်ရာသီလည်းမဖြစ်ထွန်း၊ နှစ်ရာသီလည်း မဖြစ်ထွန်းတဲ့ အခါမှာ လူတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးဖို့အတွက် နောက်ထပ်နေရာအသစ်တစ်ခုကို ခုတ်ထွင်ရှင်းလင်း ပြန်ပါတယ်။ နေရာအသစ်ကို ခုတ်ထွင်ရှင်းလင်းရာမှာလည်း လူအပင်ပန်းသိပ်မခံဘဲ တောမီးရှို့လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်တဲ့ ငြှိမ်းလို့မနိုင်တဲ့ တောမီးလောင်မှုဟာ ဆီအုန်းပင်တွေ စိုက်ပျိုးဖို့အတွက် တောမီးရှို့ရာကနေ စတင်တာပါ။ ဒီလိုနည်းနဲ့ မိုးသစ်တောတွေဟာ တစ်စထက်တစ်စ ပြုန်းတီးလာရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မိုးသစ်တောတွေ ပြုန်းတီးမှုပမာဏဟာ စတုရန်းကီလိုမီတာ ၃၈၀၀၀ ရှိပါတယ်။ ဒီပမာဏဟာ ၆ စက္ကန့်တိုင်းမှာ သက်တမ်းရင့်သစ်ပင်တွေ ဘောလုံးကွင်းတစ်ကွင်းစာ ဆုံးရှုံးနေတာနဲ့ ညီမျှပါတယ်။ မိုးသစ်တောတွေ ပြုန်းတီးလာတာနဲ့အမျှ သဘာဝဂေဟစနစ်လည်း ပျက်စီးလာပြီး ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာပါတယ်။ လူသားတွေမှာလည်း အနာရောဂါတွေ ထူပြောလာပါတယ်။ လူသားတွေမှာရောဂါဖြစ်ရတာဟာ ဗိုင်းရပ်ကြောင့် ဖြစ်ရတာလို့ဆို နိုင်ပေမယ့် အရင်းစစ်လိုက်ရင်တော့ လူသားတွေ နေရာချဲ့ထွင်မှုနဲ့ သစ်တောတွေ ပြုန်းတီးမှုကြောင့်ဖြစ်တာကို အထင်းသားတွေ့ရမှာပါ။ ယနေ့ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့ ကပ်ရောဂါဟာဆိုရင်လည်း ဒီလိုနည်းကြောင့်ပါပဲ။ အဲဒီကမ္ဘာ့ကပ်ရောဂါဟာ လူတွေရဲ့အဆုတ်ကို ဒုက္ခပေးတဲ့ တစ်နည်းအားဖြင့် အဆုတ်ပျက်စီးစေပြီး အဲဒီကနေမှ သေဆုံးမှုဆီဦးတည်စေတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါဆိုရင် လူသားတွေရဲ့အဆုတ်ဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ သိနိုင်မှာပါ။ အလားတူပါပဲ။ မိုးသစ်တောတွေဆိုတာကလည်း ကမ္ဘာကြီးအတွက်တော့ ကြီးမားတဲ့အဆုတ်ကြီးတွေပါပဲ။ ဒီလိုအဆုတ်ကြီးတွေ ရှင်သန်နေမှ လူသားတွေလည်း အသက်ရှူချောင်မှာ ဖြစ်သလို အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်မှာပါ။ အဆုတ်ကြီးတွေ ပျက်စီးသွားပြီဆိုရင် လူသားတွေလည်း နေရထိုင်ရခက်လာမယ်။ အနာရောဂါတွေ ထူပြောလာမယ်။ သစ်တောတွေနဲ့အတူ ဂေဟစနစ်တွေ ပျက်စီးသွားရင် လူသားတွေရဲ့ဘဝဟာလည်း အလွန်တိုတောင်းလာမှာ အမှန်ပါပဲ။ ဒါကြောင့် လူသားတွေ အသက်ရှည် ကျန်းမာစေဖို့အတွက် ကမ္ဘာ့အဆုတ်ကြီးတွေဖြစ်တဲ့ မိုးသစ်တောတွေကို ထိန်းသိမ်းဖို့ဆိုတာ အလွန်ကို အရေးကြီးတဲ့ အခြေအနေ ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။ဃနဏဖတ်ခဲ့သည်။