ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး(မြေပဒေသာ ကျွန်း)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကန်တော်ကြီး(မြေပဒေသာကျွန်း)၌ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါပြပွဲ၌ ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း (၁၈)ခန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံ ပန်းဝါသနာ ရှင်များ အသင်းမှ ပန်းမန်ပြခန်း(၁၅)မျိုး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြခန်း (၉)မျိုးတို့ဖြင့် ဇန်နဝါရီ ၈ ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး အများပြည်သူ များအနေဖြင့် လာရောက်ကြည့်ရှုဝယ်ယူ အားပေးနိုင်ကြောင်း သတင်းရရှိသည်။