IFFHS တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမားမက်ဆီက ရမှတ်အသာစီးဖြင့် ဆွတ်ခူးရရှိ
နိုင်ငံတကာဘောလုံးသမိုင်းနှင့် အချက်အလက်များအဖွဲ့ချုပ် (International Federation of Football History & Statistics(IFFHS)) က ရွေးချယ်ချီးမြှင့်သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုကို အာဂျင်တီးနားအသင်းနှင့် ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမားမက်ဆီက ရမှတ်အသာစီးဖြင့် ဆွတ်ခူးရရှိခဲ့သည်ဟု ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့သည်။
နိုင်ငံတကာဘောလုံးသမိုင်းနှင့် အချက်အလက်များအဖွဲ့ချုပ် (International Federation of Football History & Statistics(IFFHS)) က IFFHS တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ယခုအခါ ခြောက်ကြိမ်မြောက် အဖြစ် ပေးအပ်ခြင်းဖြစ်ပြီး ပထမဆုံးပေးအပ်သည့် ၁၉၈၈ ခုနှစ်တွင် နယ်သာလန်ဂန္ထဝင်ကစားသမားကြီး ဗန်ဘက်စတန်က ဆွတ်ခူးရရှိခဲ့သည်။
မက်ဆီသည် ၂၀၂၂ ခုနှစ်အတွင်း အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ကစားသမားဘဝသက်တမ်း တစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းနှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
IFFHS တစ်နှစ်တာအကောင်းဆုံးကစားသမား ဆုကို ရမှတ်များသတ်မှတ်ကာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး မက်ဆီက ရမှတ် ၂၇၅ မှတ်အထိရရှိကာ ဒုတိယနေရာမှ အမ်ဘတ်ပီက ၃၅ မှတ်သာရရှိခဲ့သည့်အတွက် ရမှတ်အသာစီးရရှိပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီနှင့် အမ်ဘတ်ပီတို့နောက်တွင် ရီးယဲလ် မက်ဒရစ်အသင်းမှ ဘင်ဇီမာက ရမှတ် ၃၀၊ မိုဒရစ်က ရမှတ် ၁၅ မှတ်နှင့် ဟာလန်းက ရမှတ်ငါးမှတ်ရရှိခဲ့ကြ သည်။ IFFHS တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အများဆုံးအဖြစ် ဗန်ဘက်စတန်နှင့် လီဝန်ဒေါစကီးတို့က နှစ်ကြိမ်စီရရှိထားပြီး မက်သရူးစ်နှင့် မက်ဆီတို့က တစ်ကြိမ်စီ ရရှိထားကြောင်း သိရသည်။
Ref;IFFHS.Com