စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၅)
အမှတ်စဉ် (၁၅)
တစ်ဖက်ကလည်း ကျောက်မီးသွေးပိုသုံးတော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အမှုန်အမွှားထွက်တာတို့၊ လူကို ဒုက္ခပေးတဲ့ ဓာတ်ငွေ့တွေ ထွက်တာတို့ ပိုလာတာပေါ့။ ဒါတွေကို ပြန်ပြီးဖမ်းပေးမယ့် ခေတ်မီပစ္စည်းတွေကို ပိုသုံးရတာပေါ့။ ဒါ့ကြောင့်လည်း အပူစွမ်းအင်ပေါ်မူတည်ပြီး ကျောက်မီးသွေးဈေးနှုန်းကို သတ်မှတ်ကြတာပါ။
မြန်မာ့ကျောက်မီးသွေးသိုက်တည်နေရာများ
ဆက်လက်ပြီးတော့ မိမိတို့နိုင်ငံမှာ ဘယ်ဒေသတွေမှာ ကျောက်မီးသွေးသိုက်တွေရှိပြီး ဘယ်လောက်ရှိတယ်ဆိုတာ အောက်ပါဇယားမှာ လေ့လာနိုင်ပါတယ်။
မြန်မာ့ကျောက်မီးသွေး နှစ်စဉ်ထုတ်လုပ်မှု
ဖော်ပြခဲ့တဲ့ မြန်မာ့ကျောက်မီးသွေးသိုက်တွေကို နှစ်စဉ်ထုတ်လုပ်ခဲ့မှုမှာ ၁၈၅၀ ပြည့်နှစ်များတွင် နှစ်စဉ် တန် ၂၄၀၀ နှုန်းခန့်။ ဗြိတိသျှအုပ်ချုပ်မှုအောက် ၅၉ နှစ်ခန့် ကာလတွင် နှစ်စဉ် တန် ၂၆၀၀ နှုန်းခန့်၊ လွတ်လပ်ရေး ရပြီးသည်မှ ၁၉၈၈ ခုနှစ်ထိ နှစ်စဉ် တန် ၁၃၅၀၀ နှုန်းခန့်နဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၀၉ ခုနှစ်အထိနှစ်စဉ် တန် ၅၀၀၀၀၀ နှုန်းခန့် အသီးသီးထုတ်လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ထုတ်လုပ်မှုဟာ ယခင်နှစ်တစ်ရာ ကျော်ကာလ နှစ်စဉ်ထုတ်လုပ်မှုနှုန်းထက် အဆ ၅၀ ခန့် ပိုထုတ်လုပ်ခဲ့တာကို တွေ့ရပါတယ်။ အမြင့်ဆုံး ထုတ်လုပ်လိုက်တဲ့ နှစ်ကတော့ ၂၀၀၆/၂၀၀၇ ခုနှစ် ဖြစ်ပြီး တန်ချိန် ၁ ဒသမ ၃ သန်းထိတောင် ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၉/၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၂၀၁၃ ခုနှစ်ထိ နှစ်စဉ်ပျမ်းမျှ တန်ချိန် ၅၅၀၀၀၀ ခန့်ထိ ပြန်လျှော့ခဲ့ပါတယ်။
ကျောက်မီးသွေးကိုလည်း ပြည်ပပို့ခဲ့တာပဲ
ပြည်တွင်းက ထွက်ရှိနေတဲ့ ကျောက်မီးသွေးကို ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တရုတ်နှင့်ထိုင်းနိုင်ငံများကို တင်ပို့ခဲ့ တယ်။ ၂၀၀၄/၂၀၀၅ ခုနှစ်မှာ တစ်နိုင်ငံလုံးထွက်ရှိမှုရဲ့ ၈၁ ရာခိုင်နှုန်းထိ ပြည်ပပို့ပြီး ငွေရှာခဲ့ကြတယ်။ ပြည်ပ တင်ပို့မှုမှာ တနင်္သာရီတိုင်းဒေသကြီး၊ မောတောင် ကျောက်မီးသွေးမိုင်းကနေ ထိုင်းကိုပို့တာ အများဆုံးပေါ့။ အဲ့ဒီမိုင်းပိတ် လိုက်မှသာ လျော့ကျသွားခဲ့တာဖြစ်တယ်။
မိမိတို့နိုင်ငံရဲ့ ထုတ်လုပ်မှုအများစုဟာ ပုဂ္ဂလိက ကုမ္ပဏီများက ဆောင်ရွက်နေတာဖြစ်ပြီး ကြီးကြပ်မှုကိုတော့ အမှတ် ၃ သတ္တုတူးဖော်ရေးလုပ်ငန်း (No.3 Mining Enterprise) က ဆောင်ရွက်ပါတယ်။
ပုဂ္ဂလိကနဲ့ လုပ်တဲ့အခါ ထုတ်လုပ်မှုရှယ်ယာခွဲဝေမှု (Production
Sharing Contract) ပုံစံနဲ့ ဆောင်ရွက်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်အားလုံးကို ထုတ်လုပ်သူကပဲ ကျခံရတာ ဖြစ်ပြီး ရလာတဲ့အကျိုးအမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကယူပါတယ်။
နိုင်ငံတော်က ဖွံ့ဖြိုးရေးတွေပိုလုပ်လာတာနဲ့အမျှ ကျောက်မီးသွေးပိုပြီး ထုတ်လုပ်သုံးစွဲဖို့ ၂၀၀၆/၂၀၀၇ ခုနှစ်ကစပြီး နှစ် ၃၀ စီမံချက် ဆွဲခဲ့ပါတယ်။ နှစ်စဉ်သုံးစွဲမှုကို ၄၀ ရာခိုင်နှုန်းထိ မြှင့်တင်ထုတ်လုပ်ရန် ရည်မှန်းခဲ့ပါတယ်။ ၂၀၁၂/၂၀၁၃ ခုနှစ်မှာတော့ တန်ချိန် ၇၉၀၀၀၀ ထိ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ တန်ချိန် ၅ သန်းထိ တိုးထုတ်မယ်လို့ လျာထားပါတယ်။ ဒီလိုလျာထားတာဟာ ဘိလပ်မြေ စက်ရုံတွေ တိုးလာတာရယ်၊ ထီးချိုင့်နီကယ် သန့်စင်စက်ရုံရယ်၊ မြန်မာသံမဏိစက်ရုံတွေရယ်၊ အခြားသောအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးလာ လို့ပါပဲ။
တီကျစ်(ပင်လောင်း) ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ
တီကျစ်(ပင်လောင်း)မှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှာ တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ် ရှိပေမယ့် ယခုအခါ ၆၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်နေပါတယ်။ ဒါကလည်း စက်နှစ်လုံးရှိတဲ့ထဲက တစ်လုံးကို အလုံးစုံမပြုပြင်ရသေးလို့ပါ။ ကျောက်မီးသွေးအမျိုးအစားကလည်း Lignite အမျိုးအစားဖြစ်တဲ့ အတွက် အပူစွမ်းအင်ကလည်း ၆၀၀၀ Btu/lb ဝန်းကျင်သာ ရှိပါတယ်။ မူလက ဒီဇိုင်းရေးဆွဲစဉ်ကတော့ ၇၂၀၀ Btu/lb ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ စက်ရုံခေတ်မမီမှုကြောင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ၃ နှစ်ခန့် ရပ်နားပြီး ပြန်လည်ပြုပြင်ခဲ့ပါတယ်။ နိုင်ငံတော်က အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ပြီး ပုဂ္ဂလိကကုမ္ပဏီနဲ့ ဖက်စပ် ဆောင်ရွက်ဖို့ စီစဉ်ခဲ့ရာမှာ အလုံးစုံပြုပြင်ပြီးမောင်းနှင်ဖို့ WUXI HUAGUANG ELECTRIC POWER ENGINEERING CO.,LTD. ကို ၂၂ နှစ် လုပ်ကိုင်ခွင့်ပေးပြီး ဆောင်ရွက်နေတာ သုံးနှစ်လောက်ရှိပါပြီ။ နိုင်ငံတော်က စက်ရုံ ငှားရမ်းခ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်း ရရှိပါတယ်။ ကျောက် မီးသွေးကုန်ကြမ်းကိုတော့ နိုင်ငံတော်က စရိတ်ကျခံ တူးဖော်ဖြည့်ဆည်းပေးပြီး ထွက်ရှိလာတဲ့ဓာတ်အားကို နိုင်ငံတော်က တစ်ကီလိုဝပ်နာရီ (တစ်ယူနစ်) အတွက် ၀ ဒသမ ၀၃၅ အမေရိကန်ဒေါ်လာနှုန်း (3.5 UScent) နဲ့ ဝယ်ယူတာပါ။
စက်ရုံကို ၂၀၀၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ ရှစ်နှစ် လည်ပတ်အသုံးပြုခဲ့ပါတယ်။ စက်က ခေတ်မမီတာရယ်၊ မူလခန့်မှန်းခဲ့တုန်းက ကျောက်မီးသွေးရဲ့ အပူစွမ်းအင်မြင့်နေခဲ့တာရယ်တွေကြောင့် စက်စွမ်း ရည်ကျဆင်းနေလို့ စိတ်ဝင်စားသူကို အလုံးစုံပြုပြင်ပြီး စာချုပ်နဲ့ဆက်မောင်းဖို့ အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ပြုပြင်ချိန်မှာ စက်စွမ်းရည်ပြည့် ပစ္စည်းတွေလဲလှယ်သလို ခေတ်မီစက်ကိရိယာ ပစ္စည်းများနဲ့ ဘေးထွက်ဆိုးကျိုးထိန်းချုပ်မှု အသစ်များတပ်ဆင်ခြင်း၊ ထိန်းချုပ်စောင့်ကြည့်စနစ်များ အသစ်လဲ လှယ် ခြင်းတို့လုပ်ခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့များ၊ ပြာများထွက်ရှိနေမှုကို ခေတ်မီ Digital Board တစ်ခုနဲ့ စက်ရုံပြင်ပ အများပြည်သူမြင်သာတဲ့နေရာမှာ ပွင့်လင်းမြင်သာစွာ ကိန်းဂဏန်းတွေနဲ့ ပြသထားပါတယ်။ အားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အောက် ထက်ဝက်ခန့်အထိ လျော့နည်း အောင် ဆောင်ရွက်ထားတာကို ပြည်သူများလည်း နေ့စဉ်မြင်နေကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရ တတိယအဖွဲ့အစည်း (Third Party) (Non Government Organization) များကပါ စက်ရုံ ဝန်းကျင်မှာလာပြီး ခေတ်မီစက်ကိရိယာများနဲ့ တိုင်းတာစစ်ဆေးမှုများ မကြာမကြာ လုပ်နေကြပါတယ်။ နောက်ထပ်လည်း လက်ရှိအခြေအနေထက်ပိုပြီး ခေတ်မီကောင်းမွန်တဲ့ စက်ပစ္စည်းတွေ အစားထိုးမှု ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဆက်လက်ဖော်ပြပါမည်။