တိုက်စစ်ကစားသမားနေမာကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ မှ ၆၀ အတွင်း ပေးချေပါက ရောင်းချမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းကြေညာ
ပီအက်စ်ဂျီအသင်းက အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် နေမာကို ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ပြောင်းရွှေ့ကြေး သိသိသာသာလျှော့ချခဲ့ပြီး ယူရိုသန်း ၅၀ မှ သန်း ၆၀ အတွင်းပေးချေပါက ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် ၃၀ အရွယ် နေမာသည် ၂၀၁၇ ခုနှစ် က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ဘာစီလိုနာ အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိတွင် အသင်းနှင့်စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသည်။
ပီအက်စ်ဂျီအသင်းနှင့် နေမာတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းက အသင်းမှ အဓိကတိုက်စစ်ကစားသမား အမ်ဘတ်ပီနှင့် နေမာတို့ ဆက်ဆံရေး မပြေလည်မှုများ ရှိနေသကဲ့သို့ နေမာကိုယ်တိုင်ကလည်း ဒဏ်ရာကြောင့် မကြာခဏအနားယူ နေခဲ့ ရသည့်အတွက် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပီအက်စ်ဂျီအသင်းက နေမာကို ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလကတည်းက အမ်ဘတ်ပီနှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့် ရောင်းချရန်ပြင်ဆင်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကလပ် အသင်းများက ကမ်းလှမ်းခဲ့ကြသည်။
ယခုအခါ ပီအက်စ်ဂျီအသင်းက နေမာ၏ ပြောင်းရွှေ့ကြေးကို သိသိသာသာလျှော့ချခဲ့သည့်အတွက် တိုက်စစ်ပိုင်း လိုအပ်ချက်များရှိနေသည့် ပရီးမီးယားလိဂ်ထိပ်တန်း မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့အပြင် နယူးကာဆယ် အသင်းကလည်း အပြိုင်ကမ်းလှမ်းလာဖွယ်ရှိနေသည်။
နေမာသည် လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်း ၌ ပြိုင်ပွဲစုံ ၁၆၅ ပွဲပါဝင်ကစားခဲ့ပြီး ၁၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇၃ ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။
Ref;Fichajes