အခြေခံပညာရေး ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်ဖြစ် ၊ မိမိတို့ကိုယ်တိုင် ထူးချွန်သော၊ အသင်အပြ ကောင်းမွန်သော ဆရာ၊ ဆရာမများ ဖြစ်လာအောင် ရည်မှန်း ကြိုးစားကြစေလို
မြစ်ကြီးနား ဇန်နဝါရီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီ ကောလိပ်တွင် တက်ရောက် ပညာသင်ယူနေကြသည့် အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် ဆရာ၊ ဆရာမလောင်းလျာ သင်တန်းသား၊ သင်တန်းသူများကို ယခုလိုတွေ့ဆုံရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အခြေခံပညာရေး ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ယခုကတည်းက မိမိတို့ကိုယ်တိုင် ထူးချွန်သော၊ အသင်အပြကောင်းမွန်သော ဆရာ၊ ဆရာမများ ဖြစ်လာအောင် ရည်မှန်းကြိုးစား ကြစေလိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရသည့်အခါ သင်ကြားပို့ချရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်သင်ကြား ပို့ချနိုင်ရေး ကြိုးစား သင်ယူကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်သည့် အခါ ကျောင်းသား၊ ကျောင်းသူများကို ဆင်းရဲခြင်း၊ ချမ်းသာခြင်း စသည့် မည်သည့်ခွဲခြားမှုမျိုးမှ မရှိစေဘဲ အမှန်တကယ် ပညာတတ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြရမည် ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်ပညာရေး မိသားစုအချင်းချင်း မေတ္တာထား၍ ကိုယ်ချင်းစာ တရားများဖြင့် အပြန်အလှန်လေးစားစွာ ဆက်ဆံဆောင်ရွက်ကြ စေလိုကြောင်း၊ စေတနာဖြူစင်ပြီး ရိုးသားကြိုးစားသည့် နှလုံးလှသော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံအတွက် အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း သမီးမွန်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့်ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြား၍ ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ မြစ်ကြီးနား ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပထမနှစ်၊ ပထမနှစ်ဝက် (၂၀၂၂) သင်တန်းသား၊ သင်တန်းသူများ၊ ပထမနှစ်၊ ဒုတိယနှစ်ဝက် (၂၀၂၀) သင်တန်းသား၊ သင်တန်းသူများနှင့် ဒုတိယနှစ်၊ ပထမနှစ်ဝက်(၂၀၁၉) သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၀၂ ဦး တက်ရောက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ တည်ဆောက်ရေး လုပ်ငန်းခွင်များ၊အဆောက်အအုံပြုပြင် ထိန်းသိမ်း ဆောင်ရွက်နေမှု၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် တည်ဆောက်ဆဲ အဆောက်အအုံအသစ် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။