မန်ယူအသင်းအိမ်ကွင်းအိုးထရက်ဖို့ဒ်၌ ရွန်နီနောက်ပိုင်း ပြိုင်ပွဲစုံခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် ရက်ရှ်ဖို့ဒ်မှတ်တမ်းဝင်
မန်ယူအသင်းတိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ရွန်နီနောက်ပိုင်း အိမ်ကွင်းဖြစ်သည့် အိုးထရက်ဖို့ဒ်၌ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်ဂိုးသွင်းယူနိုင်သည့်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ရက်ရှ်ဖို့ဒ်သည် အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ကစားသော မန်ယူအသင်းက အဲဗာတန်အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်အနိုင် ရရှိခဲ့သည့်ပွဲစဉ်၌ ပွဲချိန် ၉၇မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် အိမ်ကွင်းဖြစ်သည့် အိုးထရက်ဖို့ဒ်၌ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဂန္ထဝင်ကစားသမားကြီး ရွန်နီ၏မှတ်တမ်း ကောင်းတစ်ရပ်ကို လိုက်မီနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွန်နီသည် မန်ယူအသင်းကစားသမားဘဝက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအထိ အသင်းနှင့်အတူ အိုးထရက်ဖို့ဒ်ကွင်း၌ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရက်ရှ်ဖို့ဒ်သည်လည်း အိုးထရက်ဖို့ဒ်ကွင်း၌ ပြိုင်ပွဲစုံကစားသည့် ရှရစ်ချ်အသင်း၊ ဝက်စ်ဟမ်းအသင်း၊ အက်စ်တွန်ဗီလာအသင်း၊ ဘန်လေအသင်း၊ နော်တင်ဟမ်အသင်း၊ ဘုန်းမောက်အသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်တို့တွင် ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရက်ရှ်ဖို့ဒ်သည် ယခုဘောလုံးရာသီ နည်းပြတန်ဟတ်လက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လိဂ်ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည်။
ရက်ရှ်ဖို့ဒ်သည် နောက်ဆုံးကစားသော ပြိုင်ပွဲစုံ ငါးပွဲဆက်ဖြစ်သည့် ဘန်လေအသင်း၊ နော်တင်ဟမ် အသင်း၊ ဝုဗ်အသင်း၊ ဘုန်းမောက်အသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်တွင် ငါးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့သည့် မှတ်တမ်းကောင်းတစ်ရပ်ကိုလည်း ရရှိထားပြီး ယခုအခါ အသင်းနှင့်အတူ သွင်းဂိုး ၁၃ ဂိုးအထိရှိလာခဲ့ကြောင်း သိရသည်။
Ref;Sky Sports