မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဇန်နဝါရီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်ပြန်လည် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၅၉) နေရာ၌ ရပ်တည်

မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဇန်နဝါရီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်ပြန်လည် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၅၉) နေရာ၌ ရပ်တည်

မြန်မာကြက်တောင်မယ် သက်ထားသူဇာသည်    ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်၏  ဇန်နဝါရီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်  အဆင့်ပြန်လည် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့်  (၅၉)  နေရာ၌ ရပ်တည်နေ ကြောင်း သိရသည်။

သက်ထားသူဇာသည် ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြိုင်ပွဲအများစု ဝင်ရောက်ယှဉ်ပြိုင် နိုင်ခြင်း မရှိသည့်အတွက်   ကမ္ဘာ့အဆင့် ၈၀ ကျော်အထိ ကျဆင်းခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်အတွင်း ပြိုင်ပွဲများ ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်  ပြန်လည်မြင့်တက် လာခြင်း ဖြစ်သည်။

သက်ထားသူဇာသည်   ၂၀၂၂  ခုနှစ် နှစ်ဆန်းပိုင်းက ကမ္ဘာ့အဆင့် (၈၀) ကျော် အထိကျဆင်း ခဲ့ရပြီးနောက်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၆၃) နေရာ၌ရပ်တည် ခဲ့ရာမှ ယခုအခါ အဆင့်လေးဆင့်ပြန်လည် မြင့်တက်လာပြီး   ကမ္ဘာ့အဆင့်  (၅၉) နေရာ၌ရပ်တည်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည်  ၂၀၂၂  ခုနှစ် အတွင်း  နိုင်ငံတကာပြိုင်ပွဲ  ၁၄  ပွဲပါဝင် ယှဉ်ပြိုင်ကစားခဲ့ရာမှ ရမှတ်ပေါင်း ၂၆၄၁၀ မှတ်အထိရရှိပြီး ဘာရိန်းအင်တာနေရှင်နယ် စီးရီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့ သည်။ တခြားပြိုင်ပွဲများတွင်လည်း ကွာတား ဖိုင်နယ်အဆင့် တစ်ကြိမ် တက်ရောက်နိုင်ခဲ့သည့်အတွက်  ရမှတ်များ  မြင့်တက်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပါ   ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။

သက်ထားသူဇာသည် ကစားသမားဘ၀ သက်တမ်းတစ်လျှောက်  ကမ္ဘာ့အဆင့် သတ်မှတ်ချက်အမြင့်ဆုံး အဖြစ် ၂၀၂၀ ပြည့် နှစ် မတ်လ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့်(၅၇) နေရာအထိ ရပ်တည်ခဲ့ဖူးပြီး   ကစားသမားဘဝမှ ကမ္ဘာ့အဆင့် သတ်မှတ် ချက် အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။