၂၀၂၂ ခုနှစ် တမ်းချင်း
မြန်မာတိုင်းရင်းသား တစ်ဦးအနေနဲ့ ၂၀၂၂ ခုနှစ်ကို အထူးကျေးဇူးတင်ပါတယ်။ ၂၀၂၁ ခုနှစ်ဆီက စိတ်ညစ်စရာမှန်သမျှကို ခဝါချပေးခဲ့တဲ့အပြင် မော်ကွန်းတင်ထိုက်တဲ့ သမိုင်းဝင်ဖြစ်စဉ်လှလှလေးတွေကိုလည်း လက်ဆောင်ရလိုက်လို့ပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို ဆက်ကပ် ချီးမြှင့်နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်၌ စည်ကားသိုက်မြိုက် ခမ်းနားစွာကျင်းပပါတယ်။ မတ်လ ၂၇ ရက် တပ်မတော်နေ့နဲ့ ဧပြီလ မြန်မာနှစ်ဆန်း တစ်ရက်နေ့တို့တွင်လည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး မရနိုင်သေးလို့ တိုင်းရင်းသားအားလုံး ခါးစည်းပြီး ခံစားနေခဲ့ရတာကြာပါပြီ။ ဒါနဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးကို တပ်မတော်မှ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲပေးထားလိုက်ပါတယ်။ ဧပြီ ၂၂ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ တပ်မတော်မှ စေတနာအမှန်နဲ့ ဖိတ်ခေါ်လိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်မထိုးရသေးတဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က လိုလိုလားလား လာရောက် ဆွေးနွေးပါတယ်။
၂၀-၅-၂၀၂၂ ရက်က RCSS /SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က စတင်လာရောက် ဆွေးနွေးတာပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေကို တစ်ဖွဲ့ချင်း ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
ပထမအကြိမ်ဖိတ်ခေါ်မှုမှာ တက်ရောက်လာခြင်း မရှိသေးတဲ့ ကျန် EAO အဖွဲ့တွေကို ၁၄-၆-၂၀၂၂ ရက်က ထပ်မံဖိတ်ခေါ်ပါသေးတယ်။ EAO တစ်ဖွဲ့ချင်းစီမှာ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့်ရခဲ့ကြတာပါ။ ထာဝရငြိမ်းချမ်းရေးရဖို့ အကျိုးရှိတဲ့ အရွေ့တစ်ခုကို ရွေ့စေနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ရဲ့ ထူးခြားဖြစ်စဉ်လေး တစ်ခုကတော့ ဇူလိုင် ၇ ရက်က တန်ဖိုးအနဂ္ဃ ထိုက်တန်တဲ့ပတ္တမြားကြီးတစ်လုံးကို မြန်မာ့တပ်မတော်မှ နိုင်ငံတော်ကို ပေးလှူတဲ့ ကောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိတဲ့ ရှားပါးပတ္တမြားကြီးကို မြန်မာလူငယ် တစ်ဦးက အမျိုးသားရေး စိတ်ဓာတ်နဲ့ တပ်မတော်ကို ပေးလှူသွားတာပါ။ ဒီလိုတန်ဖိုးကြီးတဲ့ ပတ္တမြားကြီးကို တပ်မတော်က တစ်စုံတစ်ရာအသုံးမပြုဘဲ တာဝန်သိသိ
ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတော်ကိုထပ်ဆင့် လှူဒါန်းလိုက်ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်းမှ ပေါ်ပေါက်လာတာ ဖြစ်လို့ ဒီပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစက ပတ္တမြား)ကြီးရယ်လို့ ခေါ်တွင်ကြရမှာပါ။
၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှာတော့ မြန်မာနိုင်ငံအတွက် အတိတ်ကောင်း နိမိတ်ကောင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ဆင်ဖြူတော်လေး တစ်စီးဖွားမြင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်သစ်တော စခန်းတစ်ခုမှာ မွေးဖွားလာတာပါ။ ဆင်ဖြူတော်လေးက ကြန်အင်လက္ခဏာ၊ စန်းဇာတာ ကောင်းလွန်းလို့ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအရှေ့ဘက် ဆင်ဖြူတော်အဆောင်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်က “ရဋ္ဌနန္ဒက”ဘွဲ့နာမံတော်ကို ရှေးမြန်မာ ထုံးတမ်းစဉ်လာနဲ့အညီ အခမ်းအနားနဲ့ ကျင်းပပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာပဲ ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားရေးနဲ့ အဓွန့်ရှည်တည်တံ့စေရေး အတွက် ဆောင်ရွက်ချက်တွေကလည်း အားရစရာပါ။ ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်ထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစီးတဲ့ ချစ်ကြည်ရေးအဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံကိုရောက်ရှိနေစဉ်မှာ “ပုဂံရွှေစည်းခုံစေတီ”ပုံတူစေတီတော်ကြီးကို ရတနာစိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်များ ကပ်လှူပူဇော်ခဲ့ကြပါတယ်။ အဲဒီစေတီတော်ကြီးက မြို့တော်မော်စကို အနီးရှိ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှာ တည်ထား ပူဇော်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက သီတဂူဆရာတော် ဒေါက်တာအရှငဉာဏိဿရဦးစီးတဲ့ ရဟန်းသံဃာအဖွဲ့ရယ်၊ ရုရှားဖက်ဒရေးရှင်းက ခရစ်ယာန် ဘုန်းတော်ကြီးတွေရယ်၊ လားမား ဘုန်းတော်ကြီးတွေရယ်၊ သူတော်စင်ဆရာတော်ကြီးတွေ ကမကထ ပြုလုပ်ပေးခဲ့တာပါ။ ဗုဒ္ဓဘာသာကို ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံတစ်ခုရဲ့ မြေပေါ်မှာ ထည်ထည်ဝါဝါ တည်ထား ကိုးကွယ်စေနိုင်ခဲ့တာ လည်း ထူးခြားလှပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ မင်္ဂလာဖြစ်စဉ်လေးတွေက ဇွန်လမှစပြီး အစိုးရဝန်ထမ်းတွေကို ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်တို့ အပါအဝင် ချီးမြှင့်ပေးအပ်မှုများစွာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ထူးချွန်ထက်မြက်တဲ့ လူချွန်လူကောင်းလေးများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို အုပ်ထိန်းသူမိဘ၊ ဆရာ၊ ဆရာမများနဲ့အတူ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို လေ့လာရေးခရီးအဖြစ်၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက အသုတ်နှစ်သုတ် ခွဲပြီး စေလွှတ်ပေးခဲ့ပါတယ်။ ထူးချွန်ထက်မြက်တဲ့ လူငယ်လေးများ ထွန်းပေါ်လာစေမယ့် ပညာရေးစနစ်ရဲ့ ခေတ်တစ်ခေတ်ကို ဆန်းသစ် ဖွင့်လှစ်ပေးခဲ့လိုက်ပါပြီ။
အခြေအနေအကြောင်းကြောင်းကြောင့် ပိတ်ထားရတဲ့ တက္ကသိုလ်၊ ကောလိပ်ကျောင်းများကိုလည်း ၂၀၂၂ ခုနှစ်ထဲမှာပဲ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၂၂-
၂၀၂၃ ခုနှစ် ပညာသင်နှစ်မှစပြီး နေပြည်တော်တွင် Naypyitaw State Academy နှင့် နေပြည်တော် နည်းပညာတက္ကသိုလ်ကြီး ဖွင့်လှစ်နိုင်ခဲ့တာဟာ တိုးတက်မှု သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းပဲဖြစ်ပါတော့တယ်။
၂၀၂၂ ခုနှစ်ရဲ့ မင်္ဂလာရှိတဲ့ ဖြစ်စဉ်တွေထဲမှာ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် မြန်မာနိုင်ငံက ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရွှေတံဆိပ်ရရှိသူတစ်ဦးကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ဆုရှင်ကို ကျပ်သိန်း ၂၀၀၊ တတိယဆုရှင်ကို ကျပ်သိန်း ၁၀၀ စီနဲ့အသင်းလိုက် ပြိုင်ပွဲမှာ ရွှေဆွတ်ခူးခဲ့တဲ့ အားကစားသမား တစ်ဦးကို ကျပ်သိန်း ၁၀၀၊ အသင်းလိုက် ငွေတံဆိပ်ဆုရှင်ကို ကျပ်သိန်း ၇၀ နဲ့ကြေးတံဆိပ်ဆုရှင်ကို ၃၅ သိန်းစီ ချီးမြှင့်တဲ့အပြင် နည်းပြများနဲ့ အုပ်ချုပ်မှုအဖွဲ့များကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခဲ့တာကတော့ ထူးခြားပါတယ်။ ယနေ့မြန်မာအားကစားကို အားပေးတယ်ဆိုရာမှာ ပြိုင်ပွဲဝင်လေ့ကျင့်နေဆဲ အချိန်မှစတင်ပြီး နည်းပြများနဲ့အားကစားသမား များကို အရေးတယူအားပေး ချီးမြှင့်ထောက်ပံ့ပေးတာပါ။ မြန်မာအားကစားအတွက် စစ်မှန်တဲ့ အားပေးတဲ့ ထောက်ပံ့မှုမျိုးကို နောင်အစဉ်အလာကောင်းဖြစ်လာစေဖို့ မျိုးစေ့ချပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုပါပဲ ၂၀၂၂ ခုနှစ် သြဂုတ်လထဲမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံက ကျင်းပတဲ့ International Army Games-2022 မှာ မြန်မာ့တပ်မတော်က တင့်ကားပြိုင်ပွဲ(Tank Crews Competition ) Division-2 မှာ ပထမ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် အဆင့်(၄)၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင်အဆင့်(၄)၊ တတိယအကြိမ် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲတွင် အဆင့်(၈)၊ ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲတွင် အဆင့်(၇)၊ Emergency Area ပြိုင်ပွဲတွင်အဆင့်(၄)စသဖြင့် နိုင်ငံတကာ တပ်မတော်များ အလယ်မှာ မြန်မာနိုင်ငံရဲ့ အလံတော်ကို အကြိမ်ကြိမ် လွှင့်တင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်း ၂၀၂၂ ခုနှစ်ရဲ့ အောင်မြင်မှု တစ်ခုပါ။
၂၀၂၂ ခုနှစ် သြဂုတ် ၂၆ ရက်က "စာပေဗိမာန်”စာပေအသင်းကြီးရဲ့ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနားကြီးကို ရန်ကုန်မြို့မှာ ကျင်းပဖြစ်ပါတယ်။ “အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဆိုတဲ့ Motto ဆောင်ပုဒ်နှင့်အညီ စာပေဗိမာန်အသင်းကြီးဟာ မြန်မာ့စာပေ၊ မြန်မာ့အသိာဉာဏ်ဖွံ့ဖြိုးစေဖို့ နှစ်ပေါင်း ၇၅ နှစ်တိတိ တစိုက်မတ်မတ် ဆောင်ရွက်ပေးနေခဲ့တာပါ။
မြန်မာနိုင်ငံဂုဏ်ထူးဆောင် အသင်းရဲ့ စိန်ရတုပွဲမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စ ီဥက္ကဋ္ဌက Video Message နဲ့ နှုတ်ခွန်းဆက် ဂုဏ်ပြုပါတယ်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနဲ့ အလှူရှင်များက ကျပ်သိန်းပေါင်း ၂၂၁၅ သိန်းတိတိ ပေးလှူပါတယ်။ မြန်မာ့စာပေနဲ့ စာပေဗိမာန်သမိုင်းမှာ မော်ကွန်းတင်ရမယ့် အစဉ်အလာကောင်းတွေကို အစပျိုးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်(The 7th Eastern Economic Forum -2022) ကျင်းပခဲ့ပါတယ်။ နနၤ -၂၀၂၂ ဖိုရမ်ကို တက်ရောက်ဖို့ ရုရှားနိုင်ငံမှဖိတ်ကြားလာတာနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကြီးကို တက်ရောက်ကြတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနဲ့ အိမ်ရှင်ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့ရဲ့ နိုင်ငံတော်အလံငါးခုကို နိုင်ငံတကာ အာကာသစခန်းမှာ ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုပေးတာ ထူးခြားလှပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အလံတော်ကတော့ ကမ္ဘာသာမက အာကာသစခန်းအထိ ရောက်ရှိလို့သွားပါပြီ။ တစ်နေ့တစ်ချိန်မှာ မမျှော်လင့်နိုင်အောင် မြင့်မားတဲ့အနေအထားဆီကို မြန်မာနိုင်ငံ ထိုးဖောက်ရောက်ရှိ လေမလားလို့ နိမိတ်ကောက်ချင်စရာဖြစ်စဉ်လေး တစ်ခုပါ။
အဆိုပါ နနၤ-၂၀၂၂ ဖိုရမ်ကြီးမှာ ရုရှားသမ္မတ ပူတင်က မြန်မာ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အပြင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံသည် ရုရှားကယုံကြည်စိတ်ချရတဲ့ ကာလရှည်မိတ်ဖက်နိုင်ငံ ဖြစ်ပါပေတယ်လို့ ထုတ်ဖော်ပြောကြာ းပေးလိုက်တာကလည်း စိတ်ချမ်းသာစရာပါ။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက ရုရှားနဲ့ မြန်မာနိုင်ငံတို့က သံတမန်ဆက်သွယ်ထားတာပါ။ ၂၀၂၂ ခုနှစ်ထဲမှာတော့ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ဆက်ဆံမှုက အထူးချောမွေ့ကောင်းမွန်ခဲ့ပါတယ်။ ဖြောင့်မတ်တည်ကြည်တဲ့ မိတ်ဆွေကောင်း ရရှိထားတဲ့ မြန်မာနိုင်ငံမှာ ခေတ်နောက်ကျကျန်ခဲ့ရခြင်းရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ စွမ်းအင်အခက်အခဲများကို ကျော်လွှားနိုင်တော့မှာပါ။ အာကာသ နည်းပညာရပ်များကိုပါ လှမ်းနိုင်တော့မှာဖြစ်လို့ မြန်မာတို့ရဲ့လူနေမှုအဆင့်အတန်း အားလုံးဟာ မလွဲမသွေ မြင့်မားလာရတော့မှာပါ။
ကိုဗစ်ရောဂါရဲ့ နှောင့်ယှက်ဟန့်တားမှုများကြောင့် နိုင်ငံတကာမှာလိုပဲ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာလည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွေမှာ ယိမ်းယိုင်ခဲ့ရတာ အမှန်ပါ။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို တာဝန်ရှိသူအဆင့်ဆင့်က ဖိဖိစီးစီးုပ်ဆောင်ပေးမှုကြောင့် သိသိသာသာ လျော့နည်းသွားတာ သတိပြုမိမှာပါ။ စီးပွားရေး ကဏ္ဍမှာလည်း မြန်မာနိုင်ငံအတွက် သင့်လျော်တဲ့ အလတ်စား၊ အသေးစားစီးပွားရေး လုပ်ငန်း(SME)တွေကို အင်တိုက်အားတိုက် အားပေးနေလို့ မြန်မာ့စီးပွားရေးကဏ္ဍလည်း နာလန်ထူနေပြီဆိုတာ တွေ့ကြရမှာပါ။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့စီးပွားရေး တိုးတက်မြှင့်တင်ဖို့ ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပေးထားပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၁၂ ရက်က အဓိကဖြစ်တဲ့ စိုက်ပျိုးရေး ကဏ္ဍအပါအဝင် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်နဲ့ အခြားလုပ်ငန်းများတိုးချဲ့လုပ်ဆောင်နိုင်ဖို့ မတည်ငွေများ ခွဲဝေစိုက်ထုတ်ပေးခဲ့ပါတယ်။ မြန်မာ့စီးပွားရေးလောကမှာ မကြုံစဖူးထူးကဲတဲ့ အစီအမံကောင်းတစ်ရပ်အဖြစ် လမ်းဟောင်းကိုပယ် လမ်းသစ်ကိုထွင်ပေးနိုင်လိုက်ပါတယ်။
ဒီလိုနဲ့ပဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲမှာတော့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ SCO က မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ပေးထားတာပါ။ အဲဒီ SCO အဖွဲ့ကြီးက ရုရှား၊ တရုတ်တို့အပါအဝင် နိုင်ငံခြောက်နိုင်ငံနဲ့ ၂၀၀၁ ခုနှစ်က ဖွဲ့စည်းကြေညာခဲ့တာပါ။
ဒီအဖွဲ့အစည်းကြီးထံမှ မြန်မာတို့ အတွေ့အကြုံ၊ သင်ခန်းစာ၊ နည်းပညာတွေရနိုင်မှာဖြစ်လို့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးလာမှာ သေချာပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလထဲမှာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီး ကျင်းပဖြစ်ပါတယ်။
မြန်မာ့အနုသုခုမယဉ်ကျေးမှု အမွေစစ်စစ်တွေကို မှတ်ကျောက်တင် ထိန်းသိမ်းနိုင်စေဖို့ ဒီလိုပြိုင်ပွဲကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ရပ်တန့်သွားခဲ့ရတော့ နိုင်ငံခြားက အရှက်အကြောက်၊ ဂါရဝတရားခေါင်းပါးတဲ့ အမူအကျင့်တွေ ထိုးဖောက် ဝင်ရောက်လာခဲ့တာ သတိပြုမိကြမှာပါ။
ဒီအန္တရာယ်ကို အချိန်မီတားဆီးနိုင်ဖို့ ၂၀၂၂ ခုနှစ်မှာတော့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါ။ နောင်အစဉ်အလာဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ မြန်မာအမျိုးသားနေ့ အထူးအစီအစဉ် တစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာအမျိုးသားနေ့ဆိုတာ မြန်မာတို့ရဲ့ ဇာတိသွေးဇာတိမာန်တွေ အသစ်တစ်ဖန် ပြန်လည်နိုးထစေတဲ့ အမှတ်တရ နေ့ထူးနေ့မြတ်တစ်နေ့ပါ။
ဒီလိုနေ့ထူးနေ့မြတ်ကြီးမှာ နိုင်ငံတော် အစိုးရဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းကောင်းတွေ၊ လူထုအကျိုးပြုအနုပညာရှင်တွေ၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းရှင်တွေကအစ ကဏ္ဍအသီးသီးမှ ခေတ်အဆက်ဆက် လူတော်လူကောင်းများကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းတဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်ပေးလိုက်ပါတယ်။ အဲဒီလိုချီးမြှင့်ရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပါတီအသွေးအရောင် ကျောသား၊ ရင်သား မခွဲခြားဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာတာဝန်ကို အပြစ်အနာအဆာ ကင်းမဲ့စွာနဲ့ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်အားလုံး အကျုံးဝင်ပါတယ်။
၂၀၂၂ ခုနှစ်ကုန်ခါနီးမှာပဲ ဂုဏ်ယူစရာ မင်္ဂလာသတင်းတစ်ပုဒ် ပေါ်လာပါသေးတယ်။
၁၄-၁၂-၂၀၂၂ ရက်က နေပြည်တော်မြန်မာကွန်ဗင်းရှင်း စင်တာ(၂)မှာ ကျင်းပတဲ့ ဒသမအကြိမ် အာဆီယံဉာဏ်စမ်းပဟေဠိ(ဒေသတွင်း အဆင့်)ပြိုင်ပွဲမှာ မောင်ဟိန်းလင်းထက်၊ မောင်ပြည့်စုံချမ်းသာနဲ့ မနှင်းပွင့်အောင်တို့သုံးယောက်အဖွဲ့က ပထမဆုဆွတ်ခူးပြလိုက်တာပါ။ ယနေ့မြန်မာ လူငယ်လေးတွေရဲ့ အရည်အသွေးဟာ နိုင်ငံတကာမှာ မျက်နှာမငယ်၊ အဆင့်မနိမ့်ကျကြောင်း သက်သေပြလိုက်တဲ့ သဘောဆောင်နေ ပါတော့တယ်။
၂၀၂၂ ခုနှစ်ရဲ့ ကျေးဇူးတရားတွေက များပြားလှပါတယ်။ မြန်မာနိုင်ငံရဲ့ နှလုံးသားပြင်ပေါ်က ဆူးငြောင့်ခလုတ်၊ ကျောက်စိုင်ကျောက်ခဲများအတိပြီးတဲ့ ဖုန်းဆိုးတောကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချွေးနဲ့သွေးနဲ့ရင်းပြီး ၂၀၂၂ ခုနှစ်ထဲမှာ ထွန်ယက်ပေးနိုင်ခဲ့ပြီလို့တင်စားရမှာပါ။ လိုအပ်သလို အကျိုးရှိရှိ စိုက်ပျိုးသွားနိုင်ပြီဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကိုတော့ နှမြောတသစွာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။ ရှေ့မှာ ၂၀၂၃ ခုနှစ်ကလည်း မင်္ဂလာအပေါင်းနဲ့ ဂုဏ်ကျက်သရေရှိစွာစောင့်ကြိုလို့နေပါပြီ။ ။
မှူးသခင်