စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ် (၁၈)
နောက်တစ်ချက်က ဓာတ်အားပေးစက်ရုံတစ်ရုံဟာ ဓာတ်အားလိုင်းကြီးတွေသွယ်တန်းပြီး ရှည်လျားစွာပို့ရတဲ့ နေရာမှာ တည်ဆောက်ရင် အဲဒီဓာတ်အားခဟာ ဈေးမြင့်မှာပါပဲ။ အဓိကအချက်ကတော့ ပတ်သက်သူအားလုံးရော၊ အုပ်ချုပ်သူရော၊ ပြည်သူရော အမြော်အမြင်ကြီးဖို့၊ ဗဟုသုတ ကြွယ်ဝဖို့ပါပဲ။ ကုန်သွားမယ့် အချိန်တွေဟာ ပြန်မရနိုင်သလို နောက်ကျသွားတာနဲ့အမျှ မိမိတို့နိုင်ငံမျက်နှာငယ်ပြီးရင်းငယ်ရင်း ဘဝကို ရောက်သည်ထက် ရောက်သွားမယ်ဆိုတာ မမေ့ဖို့ပါပဲ။ ပြည်ပရောက်နေသူများအတွက် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဘယ်လို ဖန်တီးပေးမလဲဆိုတာကို ထိရောက်အောင် စီမံဖို့လိုပါတယ်။ မိမိနိုင်ငံက သယံဇာတကိုလည်း ချန်သင့်သလောက် ချန်ထားပြီး ဝယ်သုံးလို့ တွက်ခြေကိုက်ရင် ဝယ်သုံးဖို့ စဉ်းစားရပါမယ်။ နောင်လာနောက်သားအတွက်လည်း သယံဇာတကျန်ခဲ့ဖို့ စဉ်းစားကြဖို့လိုပါတယ်။
တစ်ဆက်တည်းဖော်ပြလိုတာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျောက်မီးသွေးသုံးပြီး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်နေတာကို သိရှိထားဖို့ပါပဲ။ သူတို့ ဘာကြောင့် ကျောက်မီးသွေးသုံးသလဲဆိုရင် သူ့ပြည်သူစီးပွားရေး ကောင်းစေချင်လို့ပါပဲ။ နည်းပညာဟောင်းတွေနေရာမှာ နည်းပညာအသစ်တွေ အစားထိုးပြီးသုံးရင် သက်ရောက်မှု သက်သာတာကြောင့် စက်ရုံအသစ်တွေပါ ထပ်တိုးတည်ဆောက်နေကြတာပါ။ ကမ္ဘာမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ ထောင်ချီရှိတဲ့အထဲက မဂ္ဂါဝပ် ၂၀၀၀ နဲ့အထက်တပ်ဆင်အင်အားရှိတဲ့ စက်ရုံတောင် ၂၀၀ ခန့် ရှိနေတယ်ဆိုတာကို အောက်ကဇယားမှာ ဖော်ပြရင်း ကျောက်မီးသွေးအခန်းကို နိဂုံးချုပ်ပါတယ်။
မော်သာထွေး(မန္တလေး)