ရှမ်းယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ဝါရင့်တိုက်စစ်ကစားသမားဟောင်း ကျော်ကိုကိုအား ခေါ်ယူ
လက်ရှိ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၂၀၂၃ ဘောလုံးရာသီသစ်မစတင်မီ ကစားသမားအင်အား ဖြည့်တင်းမှုအနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ဝါရင့်တိုက်စစ်ကစားသမားဟောင်း ကျော်ကိုကိုအား ခေါ်ယူခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ် ကျော်ကိုကိုသည် ရန်ကုန်ယူနိုက်တက်အသင်းတွင် ကာလရှည်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က ထိုင်းလိဂ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားခဲ့ကာ ထိုင်းလိဂ်ကလပ်အသင်းများတွင် လေးနှစ်ကြာကစားခဲ့ပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေရာမှ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်း ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြင် ပြည်ပပြိုင်ပွဲများဖြစ်သည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ရာသီသစ်မတိုင်မီ ကစားသမားအင်အား ဖြည့်တင်းသည့်အနေဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကျော်ကိုကိုသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းတွင်ကစားစဉ်က အတွေ့အကြုံရင့်ကျက်သည့် တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့်အတွက် ရှမ်းယူနိုက်တက်အသင်းက အင်အားဖြည့်တင်းခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူအောင်