အက်သလက်တီကိုအသင်း ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်ကို ချယ်လ်ဆီးအသင်းက ရာသီဝက် အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထား

အက်သလက်တီကိုအသင်း ကွင်းလယ်ကစားသမား ဂျာအိုဖီးလစ်ကို ချယ်လ်ဆီးအသင်းက ရာသီဝက် အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထား

    ချယ်လ်ဆီးအသင်းက အက်သလက်တီကိုအသင်းတွင်   အနာဂတ်မရေမရာ ဖြစ်နေသည့်   ကွင်းလယ် ကစားသမား ဂျာအိုဖီးလစ်ကို ပြောင်းရွှေ့ကြေး ယူရို  ၁၁ သန်းခန့်ဖြင့်  ယခုဘောလုံး ရာသီကုန်အထိ ရာသီဝက် အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ဂျာအိုဖီးလစ်သည် ၂၀၁၉ ခုနှစ်က   ဘင်ဖီကာအသင်းမှ   အက်သလက်တီကို အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် အတူ အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် နည်းပြဆီမြွန်နီနှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့် ပွဲထွက်ခွင့် မရရှိခဲ့သည့်အတွက် အစောပိုင်းကတည်းက အသင်းမှထွက်ခွာရန် ပြင်ဆင်နေသကဲ့သို့ အက်သလက်တီကို အသင်းကလည်း   ရောင်းချရန် ကြေညာထားခြင်းဖြစ်သည်။

အစောပိုင်းက  ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီး အသင်းနှင့်အပြိုင် မန်ယူအသင်းနှင့်  အာဆင်နယ် အသင်းတို့က  ကမ်းလှမ်းခဲ့ကြသော်လည်း ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းက လက်ရှိတွင် အဓိကကစားသမားများ ဖြစ်သည့် စတာလင်း၊ ပူလီဆစ်နှင့် အူဘာ မီယန်းအစရှိသည့် ကစားသမားများ ဒဏ်ရာပြဿနာ များရှိနေသည့်အတွက် ဂျာအိုဖီးလစ်ကို အမြန်ဆုံး ခေါ်ယူရန်ကြိုးပမ်းခဲ့ရာမှ လက်ရှိတွင် ကနဦး ရာသီဝက် အငှားစာချုပ်ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး အငှားစာချုပ် ကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေး ယူရို  ၇၂ သန်းဖြင့်  ခေါ်ယူခွင့်ရရှိရန် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အစောပိုင်းက ဂျာအိုဖီးလစ်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ဖြင့် လက်ဦးမှု ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။