စပါးရွှေဝါဝင်းပါစေ တိုင်းပြည်ရနံ့ပိုမို သင်းပျံ့လာပါစေ
မြဝတီသတင်းစာရဲ့ ခေါင်းစီးပိုင်း သတင်းတစ်ပုဒ်ကို ဖတ်ရင်း စာရေးသူနှုတ်က”စပါးရွှေဝါဝင်းပါစေ၊ ပန်းတွေသင်းပါစေ... ငှက်ကလေးတွေ မိုးတိမ်ကြား၊ ပျံနိုင်ကြစေသား...” ဆိုတဲ့ကဗျာအပိုင်းအစလေး တစ်ခုကို အလိုလိုရေရွတ်မိသွားသည်။ ကဗျာလေးကတော့ ကလေးဘဝမှာ သင်ဖူးတဲ့ မြန်မာစာသင်ပုန်းကြီး ဖတ်စာအုပ်ထဲက ကဗျာလေးတစ်ပုဒ်ပါ။ ဒီကဗျာလေးထဲကလိုပါပဲ။ စာရေးသူတို့နိုင်ငံမှာ လာမယ့်နွေစပါးပေါ်ချိန်နဲ့ လာမယ့်နှစ်များရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍရဲ့ ရလဒ်များဟာ မျှော်မှန်းထားတဲ့ ရည်မှန်းချက် Level တစ်ခုကို ရောက်နိုင်မယ့် အခြေအနေပါပဲ။
ထို Level တစ်ခုရောက်ဖို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက နိုင်ငံတစ်ဝန်းမှာ မူဝါဒချမှတ်ပေးရေး၊ လုပ်ငန်းလည်ပတ်စေရေး တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြပါပြီ။
မြန်မာ့တောင်သူဦးကြီးများ ဘက်ကလည်း တွဲလက်ညီညီနဲ့ ကြိုးစားလိုက်မယ်ဆိုရင် စပါးရွှေဝါဝင်းတဲ့ နိုင်ငံတစ်ခုကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတော့တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဟာ ဆိုခဲစေမြဲစေဆိုတဲ့ အတိုင်းပါပဲ။ စတင်ဖွဲ့စည်းပြီးတာနဲ့ နိုင်ငံကို ဘယ်လိုတည်ဆောက်မယ်၊ နိုင်ငံတော် တည်ဆောက်ရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည်ချက်တွေကို ပြတ်ပြတ်သားသား ထုတ်ပြန်ချပြခဲ့ပါတယ်။ ထုတ်ပြန်ချပြခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည်ချက်များ အတိုင်းပါပဲ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတစ်ခုကို တည်ဆောက်တဲ့အခါ စီးပွားရေး မောင်းနှင်အား၊ နိုင်ငံရေးမောင်းနှင်အားနဲ့ ကာကွယ်ရေး မောင်းနှင်အားသုံးခု ကောင်းမွန်ဖို့ လိုအပ်ပါတယ်။
စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရင် နိုင်ငံရေးမောင်းနှင်အားနဲ့ ကာကွယ်ရေး မောင်းနှင်အားပါ ကောင်းမွန်လာမှာဖြစ်ပါတယ်။ မောင်းနှင်အား သော့ချက်သုံးခုကို မဏ္ဍိုင်ပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်ဦးစီးကာ နိုင်ငံတစ်ဝန်းမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေတာတွေကို စာရေးသူ အပါအဝင် တိုင်းရင်းသားပြည်သူ အားလုံး သိမြင်ကြရမှာပဲဖြစ်ပါတယ်။
စာရေးသူတို့ မြန်မာနိုင်ငံဟာ အတိတ်သမိုင်းမှာကတည်းက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပြောင်းလဲလာခဲ့တဲ့ အစိုးရ အဆက်ဆက်မှာလည်း စိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့တယ်။ စာရေးသူ ဟာ အစိုးရအဆက်ဆက်ရဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းစာအုပ်တွေမှာ တစေ့တစောင်း လေ့လာကြည့်မိပါတယ်။
မြန်မာ့ရေမြေဆိုတာ တကယ်တော့ သဘာဝကြီးက ပေးအပ်ထားတဲ့ သယံဇာတ အရင်းအမြစ်ကြီး တစ်ခုပါပဲ။ မြေ၊ ရေ၊ လေဆိုတဲ့ မလွဲမသွေပိုင်ဆိုင်ထားတဲ့ သယံဇာတကြီး သုံးခုကို အဓိပ္ပာယ်ရှိရှိ အကျိုးရှိရှိ အသုံးချနိုင်ရေးဟာ ဒီမြေဒီရေဒီလေပေါ်က လူသားအရင်းအမြစ်တွေရဲ့ တာဝန်ပါပဲ။ ဒါ့ကြောင့် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တိုင်းပြည်ရဲ့ အဓိကရိက္ခာဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးရေးကို ဒီမြေပေါ်မှာပဲ အလေးပေး ဆောင်ရွက်ခဲ့ကြတယ်။ ဆန်စပါး စိုက်ပျိုးရေးကို အကောင်ထည်ဖော်တဲ့နေရာမှာ မြန်မာဘုရင်တွေ နန်းစိုက်ရာ နေပြည်တော်များဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိတာများပါတယ်။ ဒါ့ကြောင့် ရှေးမြန်မာမင်းများဟာ ဆန်စပါးကို ရေသွင်းစိုက်ပျိုးနိုင်ဖို့ ဆည်၊ ကန်များ တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများကိုပါ တစ်ပါတည်း လုပ်ဆောင်ခဲ့ကြပါတယ်။
မြန်မာဆိုတာ ဆန်စပါးကို အမာခံရိက္ခာအဖြစ် သုံးစွဲရုံသာမက ခေတ်အဆက်ဆက်ပြည်ပသို့ ဆန်များ တင်ပို့နိုင်တဲ့ နိုင်ငံဖြစ်ခဲ့ရတာကို သမိုင်းမှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတွေမှာ နှစ်စဉ်တိုးတက်နေတဲ့ လူဦးရေရဲ့ ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ ရောင်းချနိုင်ရေးကို ရည်မှန်းချက် ထားခဲ့ကြတယ်။
ဒါ့ကြောင့်ဆန်စပါးဟာ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ အဓိကကဏ္ဍကနေ ပါဝင်ပတ်သက်နေတာပါပဲ။ ခေတ်အဆက်ဆက် ဆန်စပါး တိုးတက်စိုက်ပျိုးရေး ဆောင်ရွက်ရာမှာ ကြိုးပမ်းထမ်းရွက်ခဲ့တာတွေကို ပြန်ပြောင်းကြည့်ကြပါစို့။
ကိုလိုနီခေတ်ဆန်စပါး တိုးတက်စိုက်ပျိုးရေး ဆောင်ရွက်မှု
နယ်ချဲ့အင်္ဂလိပ်တို့ဟာ မြန်မာ့မြေပေါ်မှာ ဆန်စပါး စိုက်ပျိုးမှု တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့နေရာမှာ ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့် စပါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးစိုက်ပျိုးခြင်း၊ ဆန်စက်များ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး အမတော်ငွေ ထုတ်ချေးခြင်းစတဲ့ နည်းလမ်းများနဲ့ ဆန်စပါးစိုက်ပျိုး တိုးတက်ရေးကို ချဉ်းကပ် ဆောင်ရွက်ခဲ့ပါတယ်။
ပါလီမန်အစိုးရခေတ်ဆန်စပါး တိုးတက်စိုက်ပျိုးရေးဆောင်ရွက်မှု
ပါလီမန်အစိုးရလက်ထက်ဟာ လွတ်လပ်ရေး ပိုင်ဆိုင်ထားပြီးကာလရဲ့ ပထမဆုံးအစိုးရကာလပါပဲ။ ပါလီမန်အစိုးရဟာ ဆန်စပါး တိုးတက်စိုက်ပျိုးရေး အတွက် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ဖြန့်ဖြူးခြင်း၊ ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ အသုံးပြုခြင်း၊ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း၊ ဆန်စက်များ တိုးချဲ့တည်ဆောက်ခြင်း စတဲ့ နည်းလမ်းများနဲ့ ဆန်စပါး စိုက်ပျိုးတိုးတက်ရေးကို ချဉ်းကပ်ဆောင်ရွက်ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီခေတ်ကာလ ဆန်စပါး တိုးတက်စိုက်ပျိုးရေး ဆောင်ရွက်မှု
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာတော့ ဆန်စပါး တိုးတက်စိုက်ပျိုး ထုတ်လုပ်ဖို့အတွက် စပါးမျိုးစစ်တမ်းများ ကောက်ယူခြင်း၊ အထွက်ကောင်းစပါးမျိုးများ မွေးမြူရွေးချယ် စိုက်ပျိုးခြင်း၊ ဓာတ်မြေသြဇာ အသုံးပြုခြင်း၊ ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေး ဆောင်ရွက်ခြင်း(သိပ္ပံနည်းကျ စပါးစိုက်ပျိုးစနစ် လေးမျိုး) ၊ မျိုးကောင်းမျိုးသန့်စပါးမျိုးများ ဖြန့်ဖြူးခြင်း၊ ဓာတ်မြေသြဇာ အသုံးပြုခြင်းဆိုတဲ့ နည်းလမ်းများနဲ့ ဆန်စပါး စိုက်ပျိုးတိုးတက်ရေးကို ချဉ်းကပ်ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံခေတ် ကာလဆန်စပါး တိုးတက်စိုက်ပျိုးရေး ဆောင်ရွက်မှု
ဒီခေတ်မှာတော့ လယ်ယာကဏ္ဍ ရည်မှန်းချက်ကို ပြည်တွင်းရိက္ခာဖူလုံရေး၊ ပြည်တွင်းစက်မှု လုပ်ငန်းများအတွက် လိုအပ်သော စက်မှုကုန်ကြမ်းသီးနှံများ လုံလောက်စွာရရှိရေး၊ ပိုလျှံသည့် လယ်ယာထွက်သီးနှံများ ပြည်ပသို့တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေရေးဆိုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့တယ်။ ဆန်စပါးတိုးတက် စိုက်ပျိုးရေး အတွက်ကိုတော့ အထွက်ကောင်း စပါးမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စပါးသက်တမ်း အလိုက် စိုက်ပျိုးသည့် စပါးအုပ်စုပြောင်းလဲခြင်း၊ ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်း ပညာပြန့်ပွားခြင်းဆိုပြီး နည်းလမ်းများနဲ့ ချဉ်းကပ်ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကာလ လယ်ယာကဏ္ဍအတွက် ရည်မှန်းချက် (၃ )ရပ်ထား ရှိခဲ့တယ်။ ရည်မှန်းချက် (၃ )ရပ်ကတော့ စပါးပိုလျှံရမည်၊ စားသုံးဆီဖူလုံရမည်၊ ပြည်ပပို့ကုန် ပဲမျိုးစုံနှင့် စက်မှုကုန်ကြမ်းသီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရမည် ဆိုတဲ့အချက်တွေပါပဲ။ ဒါ့ပြင် ပြုပြင်ပြောင်းလဲမှု (၅) ရပ်ဖြစ်တဲ့ စိုက်ပျိုးမြေသယံဇာတ ဖော်ထုတ်တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ နည်းပညာပြုပြင် ပြောင်းလဲရေး၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်အသုံးပြုရေး ဆိုတဲ့အချက် (၅ )ချက်ကိုပါ ချမှတ်ခဲ့ပြန်တယ်။ ဆန်စပါးစိုက်ပျိုး တိုးတက်ရေး အတွက်ကိုတော့ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စပါးစိုက်ပျိုးထွက်ရှိစေခြင်း၊ မိုးစပါးစိုက်ဧရိယာတွင် သက်လျင်၊ သက်လတ်၊ သက်ကြီးစပါးမျိုးများ ပြောင်းလဲမှု၊ စပါးစိုက်မြေဧရိယာ တိုးချဲ့ခြင်း၊ရေရရှိရေး၊ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ အသုံးပြုရေး၊ စိုက်ပျိုးနည်းပညာ ပြုပြင်ပြောင်းလဲရေး၊ ဓာတ်မြေသြဇာ သုံးစွဲခြင်းတို့ဖြစ်ပြီး စပါးစိုက်မြေဧရိယာ တိုးချဲ့ခြင်းမှာတော့ စပါး-ငါးကန် တူးဖော် ဆောင်ရွက်ခြင်း၊ လယ်သမားတာများ ဖော်ထုတ်စိုက်ပျိုးခြင်းစတဲ့ နည်းလမ်းများနဲ့ ချဉ်းကပ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်ရွက်ချက်များဟာ စာရေးသူတို့နိုင်ငံရဲ့ ခေတ်အဆက်ဆက်မှာ အစိုးရဆက်ဆက် ဆန်စပါး စိုက်ပျိုးမှု တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ်။
ဒီလိုနဲ့ ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလ ငါးနှစ်၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ငါးနှစ်တို့မှာလည်း ရှေးမူမပျက်မူဝါဒများ ချမှတ်ပြီး လယ်ယာကဏ္ဍရဲ့ အဓိကကျတဲ့ ဆန်စပါးစိုက်ပျိုး တိုးတက်ရေးကို အရှိန်မပြတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာတော့ ပိုမိုတိကျတဲ့ ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါပြီ။ လက်ရှိ စာရေးသူတို့နိုင်ငံမှာ ကျေးလက်နေ ပြည်သူလူဦးရေဟာ ၇၀ ရာခိုင်နှုန်းရှိပြီး မြို့ပြနေ ပြည်သူလူဦးရေဟာ ၃၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
မည်သည့် အရပ်ဒေသမှာပဲနေနေ နိုင်ငံသားတိုင်းရဲ့ အသက်ရှင် ရပ်တည်နေနိုင်ဖို့သည် စားနပ်ရိက္ခာဟာ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် သာယာဝပြောရေး၊ နိုင်ငံတော်စားရေရိက္ခာ ပေါများရေးဆိုတဲ့ ခိုင်မာတဲ့ ရည်မှန်းချက်ထားရှိပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်များ၊ မူဝါဒများချမှတ်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။
စိုက်ပျိုးရေးတွင် အဓိကအခြေခံ အချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိဖို့၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှုရရှိရေး စသည့်မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုးကို စနစ်တကျဖြင့် အသုံးချဆောင်ရွက်ရန် လိုအပ်ပါသည်။ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဟာ ရေအရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊စစ်တောင်းမြစ်ဆိုတဲ့ သွေးချင်းတို့မြေကြား လွန့်လူးကာ တသွင်သွင် စီးဆင်းနေတဲ့ ညီနောင်မြစ်ကြီး လေးစင်းဟာ အဖိုးမဖြတ်နိုင်တဲ့ သဘာဝသယံဇာတကြီးတွေပါပဲ။ ထိုမြစ်ကြီးလေးစင်းထဲကမှ နှစ်စဉ်ရေဧကပေ သန်းပေါင်း ၈၇၆ သန်းဟာ ပင်လယ်ထဲသို့ စီးဆင်းသွားမြဲပါ။ များစွာသော မြစ်လက်တက်များပေါ်မှာတော့ ဆည်တမံ ၂၄၅ ခု၊မြစ်ရေတင်လုပ်ငန်း ၂၁၀ ခုရှိပါတယ်။ ဒါတွေဟာလည်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍရဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာတွေပါပဲ။ အကျိုးရှိစွာအသုံးချရင်း ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ကိုယ်တိုင်ရောက်အောင် သွားပြီး ကိုယ်တွေပြချင်တဲ့ တိုင်းပြည်ဟာ ဘယ်လိုတိုင်းပြည်လည်းဆိုတာ ပြသဖို့အချိန်ခါကျပါပြီ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာမှာလည်း နည်းလမ်းနှစ်သွယ်ကို တွေ့မြင်ရပါတယ်။ ဒါတွေကတော့ လယ်ယာစီးပွား မြှင့်တင်ရေး၊ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားမြှင့်တင်ရေးပါပဲ။
အစိုးရတစ်ရပ်အနေနဲ့ မူဝါဒချမှတ်ခြင်းအပြင် ကဏ္ဍအလိုက် တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေဖို့ လိုအပ်ချက်များကိုလည်း ရှေးမူမပျက် ကူညီဖြည့်ဆည်းပေးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေ ထူထောင်ပြီး အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါပဲ။
ဒီရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ ကိုတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို ၁၇၀ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင်စီမံကိန်းနဲ့ ဆောင်ရွက်နိုင်ဖို့ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို တစ်ပြည်နယ်လျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ဒေသတစ်ခုလျှင် ၈ ဘီလီယံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့တိုင်းများကို တစ်ခုလျှင် ၅ ဘီလီယံဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရခြင်းဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု မြှင့်တင်ရမည်ကို ဒီအခမ်းအနားမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တိတိပပ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားလာစေဖို့နဲ့ ဒီကဏ္ဍဖွံ့ဖြိုးရေးအတွက် အခြားလိုအပ်ချက်တွေကို ကူညီဖြည့်ဆည်း ပေးနိုင်ဖို့လည်း ပြည်တွင်းပြည်ပ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများထဲက အချို့ကိုကြည့်မယ်ဆိုရင် ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လခရီးစဉ်မှာ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ နဲ့တွေ့ဆုံခဲ့တယ်။ တွေ့ဆုံရာမှာ စိုက်ပျိုးရေးကို အခြေခံတဲ့ထုတ်ကုန်များ တင်ပို့နိုင်ရေး၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အတွက် နည်းပညာ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်ကို အသုံးပြုပြီး သိပ္ပံနှင့်ဆေးသုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့အနေနှင့်လည်း သူတို့မြို့မှာရှိတဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းများမှာ လာရောက်ပူးပေါင်းလိုသည့် အခြေအနေများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်တွင်းဆောင်ရွက်ချက်များ အနေနဲ့ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများ၊ ကောလိပ်နှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို မူဝါဒချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အနေနှင့် လာမည့်ရာသီမှာ နွေစပါး ဧက ၈ ဒသမ ၅ သိန်း ၊ ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်နဲ့ ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့စတင်နေပါပြီ။ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင်ပင် မိမိတို့၏ စုပေါင်းစွမ်းအားများနှင့် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး သာယာဝပြော၍ စားရေရိက္ခာ ပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်အဖြစ် ရပ်တည်နေနိုင်အောင် ပါဝင်ဆောင်ရွက်သွားကြရန် တောင်သူဦးကြီးများကို လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားက တစ်ဆင့် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့ လျက်ရှိပြီး ကနဦးလျာထားချက် ဖြစ်သည့် ဆန်တန်ချိန် သုံးသောင်း မကြာမီပြည့်မီတော့မည်ဖြစ်ကြောင်း ၁၉-၁၂-၂၀၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဝမ်းသာအားရဖွယ် တွေ့ရှိရပါသည်။ ထိုသို့တင်ပို့နိုင်ခြင်းသည် စိုက်ပျိုးတောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူများစွာဖြစ်စေသည်။
မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ပထမခြေလှမ်းများကို ဂိမှာန်အလွန် ဝသန်အကူးမှာ စတင်တွေ့မြင်ရတော့မှာပါပဲ။ ထိုကာလဟာ နိုင်ငံတော်ရဲ့ မူဝါဒချမှတ်ပေးမှု၊ လိုအပ်တဲ့ကူညီ ထောက်ပံ့ပေးမှုတွေ အပေါ်မှာ တိုင်းသူပြည်သား တောင်သူဦးကြီးတွေက ဘယ်လောက် စွမ်းဆောင်နိုင်ကြသလဲဆိုတဲ့ Result Show တစ်ခုကို တွေ့မြင်ရမယ့်ကာလတစ်ခုလို့ စာရေးသူမြင်မိပါတယ်။ ဒီအဆင့် ဒီနေရာကျရင်တော့ နိုင်ငံတော်အစိုးရနဲ့ ပြည်သူများရဲ့ အရည်အသွေးကို အကဲဖြတ် မှတ်ကျောက်တင် ခံရတော့မှာလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့်စီးပွားရေး မောင်းနှင်အား ကောင်းမွန်ခြင်းမှသည် နိုင်ငံရေး မောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများ တိုးတက်ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက် အလျဉ်ကောင်းတဲ့ ရေအသွင်ပမာ အရှိန်အဟုန်ကြီးစွာဖြင့် မြန်မာ့စီးပွားရေး ကဏ္ဍပိုမိုတိုးတက်လာပါစေ။ အခြေခံသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာခြင်းဖြင့် မြန်မာဟေ့ဆိုလျှင် ဆန်စပါးကွဆိုတဲ့ ပုံရိပ်ကောင်းနဲ့ တိုင်းပြည်တစ်ပြည်အဖြစ် ဦးမော့လာပါစေ။ မြန်မာ့လယ်ယာတစ်ခွင် စပါးရွှေဝါဝင်းပြီး ထိုစပါးများ၏ သင်းပျံ့သောရနံ့မှသည် တိုင်းပြည်ရနံ့ပါ သင်းပျံ့လာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း “စပါးရွှေဝါဝင်းပါစေ၊ တိုင်းပြည်ရနံ့ ပိုမိုသင်းပျံ့ပါစေ”လို့ရေရွတ်မိလိုက်ပါတော့သည်။ ။
မှီငြမ်းကိုးကားမှုများ
(၁) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ မြန်မာနိုင်ငံ၏ ဆန်စပါးတိုးတက်စိုက်ပျိုးထုတ်လုပ်ရေးအတွက် ခေတ်ကာလအလိုက် ကြိုးပမ်းဆောင်ရွက်ချက်များ။
(၂) ၂၇-၈-၂၀၂၂ ရက်နေ့ မြဝတီသတင်းစာပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပူးပေါင်းပါဝင် ဆည်မြောင်း စနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားပါ ပြောကြားချက်များ။
(၃) ၁၃-၈-၂၀၂၂ ရက်နေ့ မြဝတီသတင်းစာပါ ၁၂-၈-၂၀၂၂ ရက်နေ့တွင်ကျင်းပသော နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား။
(၄) ၂၀၂၂ ခုနှစ် ဇူလိုင်လ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ ခရီးစဉ်။
ကျော်တေဇ (ဉက္ကလာ)