ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၁

          ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် အဖွဲ့ဝင်များသည်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်တပ်ဦး ကျောင်းတိုက်သို့ သွားရောက်၍  ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉတ္တမသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းနှင့် တန့်ယန်းမြို့ရှိ ရွှေမောင်းသာသနာ ဝေပုလ္လသီလရှင်စာသင်တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ ကမ္မဌာန်းကျောင်း တိုက်နှင့် နမ့်စန်မြို့၊ အမှတ်(၂)မိုးကုတ်ဝိပဿနာ ကျောင်းတိုက်၊ မွန်ပြည်နယ်၊ သထုံမြို့၊ ဇရဇ်ချောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း(၇)ကျောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ဓမ္မဗိမာန်ကျောင်းတိုက် ၊ အိမ်မဲမြို့ရှိ အိမ်မဲမင်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော် ကြီးကျောင်း(၅)ကျောင်း၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော် ကြီးကျောင်း(၁၀)ကျောင်း၊ သီလရှင်စာသင်တိုက်(၃)ကျောင်း၊ မကွေးတိုင်းဒေသကြီး၊ စကုမြို့၊ စွယ်တော်ကုန်းတောရကျောင်း၊ ချောက်မြို့၊ မဟာ ဝိဇိတာရုံ ဆင်ဖြူကျွန်း ကျောင်းတိုက်နှင့် မိချောင်းရဲမြို့ရှိ သီလရှင်ကျောင်းတိုက်တို့မှ   သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့ပြင်   မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဦးပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေ ဘိုးဘွားရိပ်သာနှင့် မြင်းခြံမြို့နယ်၊ မြင်းခြံဘိုးဘွားရိပ်သာတို့ရှိ အဘိုး၊ အဘွားများအား   နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို   သွားရောက်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက ‌နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာ တော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီးသွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။