၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ(အာရှဇုန်)အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာအမျိုးသမီးအသင်း မဲအိုးနံပါတ်(၁)၌ကျရောက်နေ

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ(အာရှဇုန်)အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာအမျိုးသမီးအသင်း မဲအိုးနံပါတ်(၁)၌ကျရောက်နေ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ၂၀၂၄  ပါရီအိုလံပစ်ပြိုင်ပွဲ  အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (အာရှဇုန်)အုပ်စုမဲခွဲရန် ဆီဒင်အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာရာတွင်   မြန်မာအမျိုးသမီး အသင်းသည်  မဲအိုးနံပါတ် (၁) ၌  ကျရောက်နေကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (အာရှဇုန်) ကို  ပထမအဆင့်၊ ဒုတိယအဆင့်နှင့် နောက်ဆုံးအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့်ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်တွင် ပြိုင်ပွဲဝင်အသင်း ၂၆ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

ပထမအဆင့်  ခြေစစ်ပွဲမဲခွဲရန်  ဆီဒင်အဆင့်သတ်မှတ်ချက်အရ   မဲအိုးနံပါတ်(၁) ၌ ဗီယက်နမ်အသင်း၊   ထိုင်းအသင်း၊ တရုတ်(တိုင်ပေ)အသင်း၊ မြန်မာအသင်း၊ ဥဇဘတ်ကစ္စတန်အသင်း၊ အိန္ဒိယအသင်းနှင့်  ဖိလစ်ပိုင်အသင်း၊  မဲအိုးနံပါတ်(၂) ၌ ဂျော်ဒန်အသင်း၊ အီရန်အသင်း၊ အင်ဒိုနီးရှားအသင်း၊   နီပေါအသင်း၊ ကာဂျစ္စတန်အသင်း၊ ဟောင်ကောင်အသင်းနှင့် မွန်ဂိုလီးယားအသင်း၊   မဲအိုးနံပါတ် (၃) ၌စင်ကာပူအသင်း၊   လက်ဘနွန်အသင်း၊ တာဂျစ်ကစ္စတန်အသင်း၊ တီမောအသင်း၊ တာ့ခ်မင်နစ္စတန်အသင်းနှင့် ဘင်္ဂလားဒေ့ရှ် အသင်း၊ မဲအိုးနံပါတ်(၄)၌ ဘူတန်အသင်း၊ သီရိလင်္ကာအသင်း၊ မော်လ်ဒိုက်အသင်း၊ အာဖဂန်နစ္စတန်အသင်းနှင့် ပါလက်စတိုင်းအသင်းတို့ပါဝင်သည်။

အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ  အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (အာရှဇုန်) ကို  ယခုနှစ်အတွင်း အပြီးကျင်းပမည်ဖြစ်ပြီး  ပထမအဆင့် ခြေစစ်ပွဲစဉ်များကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ၊   ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ၊  နောက်ဆုံးအဆင့်ခြေစစ်ပွဲစဉ်များကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင်  မြန်မာအမျိုးသမီးအသင်းသည် ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး  လက်ရှိတွင်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခြေစစ်ပွဲ (အာရှဇုန်)အတွက် နည်းပြအဖြစ် ဒေါ်သက်သက်ဝင်းကို ခန့်အပ်ထားပြီး  ပြီးခဲ့သည့်လမှစ၍ ပဏာမကစားသမားများဖြင့် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ  အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ (အာရှဇုန်) အပြင် ယခုနှစ်အတွင်း   အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏    အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ၂၀၂၃ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ကိုလည်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။     

 

 စည်သူအောင်